ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမားဖြစ်သူ လူကာကူကို ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အပြောင်းအရွှေ့က ဖြစ်ပေါ်မလာခဲ့ရဘူးလို့ လူကာကူရဲ့အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Sabah

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ၂၀၁၉ခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ စီးရီးအေကလပ် အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး စီးရီးအေမှာ တစ်ရာသီ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာပဲ သူ့ကို မန်စီးတီးအသင်းကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့တယ်လို့ လူကာကူရဲ့ အေးဂျင့်ဖြစ်သူက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ လူကာကူရဲ့အေးဂျင့် ဖရက်ဒရစ်ကိုက “အရင်နှစ်တုန်းက လူကာကူအတွက် မန်စီးတီးရောက်လာတာကို ဘယ်သူ့မှ စိတ်မပျက်စေပဲ ပြောနိုင်မယ်လို့ ထင်ပါတယ်”

Photo Credit : Sky Sports

“ကိုဗစ် ကပ်ရောဂါကာလအတွင်းမှာ လူတွေနဲ့ တွေ့ဆုံဖို့အတွက်နဲ့ နေရာတစ်နေရာနဲ့ တစ်နေရာကို ခရီးသွားလာဖို့အတွက်ကို ကြိုးစားရတာက အရမ်းခက်ခဲပါတယ်။ အစပိုင်းမှာတော့ သူ့တို့က လူကာကူကို ခေါ်ယူဖို့အတွက် ခိုင်ခိုင်မာမာနဲ့ ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့ရဲ့ စိတ်ကူးတွေကို ပြောင်းလဲခဲ့ပြီး အပြောင်းအရွှေ့ကို အကောင်အထည်ဖော်ဖို့အတွက်လည်း အဆင့်သင့် မဖြစ်သေးသလို ရှိခဲ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် အင်တာမီလန်အသင်းနဲ့ ပထမ ဘောလုံးရာသီအပြီးမှာ အရမ်းခက်ခဲခဲ့ပါတယ်။ သူက အင်တာမီလန်အသင်းနဲ့ အမှတ်ပေးလိဂ်ဖလားကို မရယူထားနိုင်ခဲ့တာကြောင့် ဒါကိုလည်း သူအရယူချင်နေတယ်။ ဒါကလည်း ဖြစ်နိုင်ခြေ သိပ်မရှိနိုင်လောက်တဲ့ အနေအထားမျိုး ဖြစ်နေရတယ်။ နောက်ပိုင်းမှာတော့ မန်စီးတီးအသင်းဘက်ကလည်း ဟာရီကိန်းကိုပဲ အာရုံစိုက်လာခဲ့တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ လူကာကူရဲ့ ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာလည်း လူကာကူ ခေါ်ယူဖို့အတွက် ကမ်းလှမ်းချက် (၄)ကြိမ်ထိ ပယ်ချခံခဲ့ရကြောင်းနဲ့ (၅)ကြိမ်မြောက်မှသာ အဆင်ပြေခဲ့ရတာဖြစ်ကြောင်း လူကာကူအေးဂျင့်က ပြောဆိုခဲ့ပါသေးတယ်။