မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို (၅)နှစ်ဆက်တိုက်အထိ ပိုင်ဆိုင်နိုင်ဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ Top 4 နေရာအတွက်ကိုသာ ပိုပြီး စိုးရိမ်သွားရတော့မယ်လို့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

နည်းပြကြီး ပပ် ဂွါဒီယိုလာ လက်ထက်မှာ ပရီးမီးယားလိဂ်ဖလားကို (၄)နှစ်ဆက်တိုက်အထိတောင် ပိုင်ဆိုင်ခဲ့တဲ့ မန်စီးတီးက အခုတော့ ဂွါဒီယိုလာ နည်းပြလုပ်လာတဲ့ သက်တမ်းတစ်လျှောက် မကြုံစဖူး (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး (၆)ပွဲအထိ ရှုံးပွဲတွေ့ထားခဲ့လို့ ဇယားထိပ်က လီဗာပူးလ်နဲ့ပါ (၁၁)မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် အခုဆိုရင် မန်စီးတီးက အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာထိပါ ရောက်ရှိနေတာကြောင့် မန်စီးတီးအနေနဲ့ ချန်ပီယံဆုကို မျှော်မှန်းဖို့ထက် Top 4 နေရာအတွက်သာ အားပြိုင်ရတော့မယ်လို့ ကာရေဂါက သုံးသပ်လာပါတယ်။ “ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးတို့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာ မဟုတ်ပါဘူး။”

“ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ အခု မန်စီးတီး ကြုံတွေ့နေရတာဟာ လွန်ခဲ့တဲ့ (၂)နှစ်တုန်းက လီဗာပူးလ်တို့ ကြုံတွေ့ခဲ့သလို အခြေအနေမျိုးနဲ့ ဆင်တူနေပါတယ်။ မန်စီးတီးက Top 4 နေရာအတွက်သာ တိုက်ပွဲဝင်သွားရမယ်လို့ပဲ ကျွန်တော် ထင်မိတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကို ကြည့်တဲ့အခါ အခု သူတို့သွားနေတဲ့ ပုံစံအရ မန်စီးတီးအတွက် မလွယ်ဘူး။”

Photo Credit : Sky Sports

“မန်စီးတီးသာ ဇန်နဝါရီမှာ လူဖြည့်တင်းမှု မလုပ်ဆောင်ဘူးဆိုရင်တော့ အာဆင်နယ် ချယ်လ်ဆီးတို့အထက်မှာ ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်နိုင်ဘူး။ ဂွါဒီယိုလာက ကစားသမားတွေ ခေါ်ယူဖို့ လိုနေတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အာဆင်နယ်အသင်းမှာ ရှိနေတဲ့ ခွန်အားတွေ ချယ်လ်ဆီးအသင်းက လူငယ် ကစားသမားတွေမှာ ရှိနေတဲ့ ခွန်အားတွေနဲ့ ဒီအသင်းတွေရဲ့ အထက်မှာ ရပ်တည်နိုင်ဖို့က ခက်ခဲပါလိမ့်မယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

မန်စီးတီးက လာမယ့် ကြားရက်မှာ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး နော်တင်ဟမ်ဟာလည်း လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာထိ ရပ်တည်နေတဲ့အသင်း ဖြစ်တာကြောင့် ဒီပွဲကလည်း မန်စီးတီးအတွက် နောက်ထပ် ခက်ခဲကောင်းခက်ခဲနိုင်မယ့် ပွဲစဉ်မျိုး ဖြစ်လာနိုင်ပါတယ်။