မန်ချက်စတာ စီးတီးအသင်းဟာ ဒူးအရွတ် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ ကွင်းလယ်လူ ရိုဒရီနေရာအတွက် ကစားသမားသစ် ဖြည့်တင်းမှုကို လာမယ့်နွေမှသာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း လက်ရှိ အသင်းရလဒ်တွေ ဆိုးရွှားနေမှုကြောင့် ဆောင်းစေးျကွက်မှာပဲ ကွင်းလယ်လူတစ်ဦး ခေါ်ယူသွားရပါတော့မယ်။
စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ မန်စီးတီးအတွက် အတော်ကို အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ မန်စီးတီးအသင်းဟာ တစ်ခါမှ မကြုံဖူးလောက်တဲ့အထိ ရလဒ်တွေက ဆက်တိုက် ဆိုးရွှားနေခဲ့ရပြီး (၆)ပွဲဆက်တိုက်အထိတောင် နိုင်ပွဲပျောက်ထားခဲ့ရပါတယ်။
Photo Credit : Football365
ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် မန်စီးတီးက လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပြီး ဆိုစီဒက်ရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီနဲ့ ခရစ္စတယ် ပဲလေ့စ်ရဲ့ အင်္ဂလန် ကွင်းလယ်လူ အဒမ် ဝါတန်တို့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။
ဒီကစားသမား နှစ်ဦးလုံးကတော့ ကွင်းလယ်ခံစစ် နံပါတ်(၆)နေရာ ကစားသမားတွေဖြစ်ပြီး ဝါတန်ကတော့ အသက် (၂၀)သာ ရှိသေးတဲ့ ဘလက်ဘန်း အကယ်ဒမီထွက် ကြယ်ပွင့်ကစားသမားလေး ဖြစ်ပါတယ်။ နည်းစနစ်ပိုင်းနဲ့ ဘောလုံးညဏ် ကောင်းမွန်သူဖြစ်တဲ့ ဝါတန်ဟာ ပဲလေ့စ်နဲ့ ၂၀၂၉ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသူဖြစ်လို့ ဒီကစားသမားလေးကို ဇန်နဝါရီမှာ ခေါ်ယူဖို့က ခက်ခဲနိုင်ပါတယ်။
Photo Credit : The Empire of the Kop
မန်စီးတီး ချိန်ရွယ်နေတဲ့ ဇူဘီမန်ဒီကတော့ စပိန်နဲ့ အင်္ဂလန်တို့ ယူရို-၂၀၂၄ ဖိုင်နယ်ပွဲရဲ့ ပထမပိုင်းအပြီး ဒဏ်ရာရသွားတဲ့ ရိုဒရီနေရာကို ဝင်ကစားခဲ့ရင်း ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။ အခုလည်း (၂၅)နှစ်အရွယ် ကစားသမားက မန်စီးတီးမှာပါ ရိုဒရီနေရာမှာ ဝင်ကစားရဖို့ အခွင့်အရေးတစ်ခု ထပ်မံ ရလာခဲ့ပြီ ဖြစ်ပါတယ်။
ဇူဘီမန်ဒီကို လီဗာပူးလ် မန်ယူနိုက်တက် ရီးယဲလ်နဲ့ အခု မန်စီးတီးကပါ စိတ်ဝင်စားလို့နေပြီး ဇူဘီမန်ဒီ ကိုယ်တိုင်ကလည်း နွေတုန်းက လီဗာပူးလ်ဆီ ပြောင်းဖို့ ငြင်းဆန်ခဲ့ပေမယ့် ဆောင်းဈေးကွက်မှာတော့ ထိပ်သီးအသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ကစားဖို့ တာဆူနေပါတယ်။ ဒါကြောင့် မန်စီးတီးက ရိုဒရီနေရာအတွက် ဇူဘီမန်ဒီကို အစားထိုး ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။