မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အေဂျက်စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးတစ်ဦးဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီကို ဘာစီလိုနာအသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ သတင်းအရင်းအမြစ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit :  Archyde

အသက်(၂၁)နှစ်အရွှယ်ရှိ ဘရာဇီးလ်လူငယ်ကစားသမားလေး အန်တိုနီဟာ သူရဲ့ခြေစွမ်းတွေကြောင့် နေမာလက်သစ် ကစားသမားလို့ပါ တင်စားခေါ်ဆိုခံထားရသူဖြစ်ပြီး လတ်တလောမှာလည်း သူ့ကို ဘာစီလိုနာအသင်းကနေ အသည်းအသန် စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ယခင်ကတည်းက အေဂျက်စ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေ လုပ်ဆောင်နေလျက်ရှိပြီး ဖရန့်ကီဒီဂျောင် ဆာဂျီညိုဒက်စ်တို့ကိုလည်း ခေါ်ယူထားခဲ့ပေမယ့် လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ အန်တိုနီကို အရခေါ်ယူရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Photo Credit :  The Sun

ဒီအချိန်မှာ ညာတောင်ပံ ကစားသမားလေး အန်တိုနီကို ငွေကြေးသုံးစွဲမှုတွေ အရှိန်ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်တဲ့ မန်စီးတီးအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး အနာဂတ် အခြေအနေ မရေမရာ ဖြစ်လို့နေတဲ့ ရာဟင်စတာလင်ရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ မန်စီးတီးအသင်းရဲ့စပိန်တိုက်စစ်ကစားသမားဖြစ်သူ ဖယ်ရန်တောရက်စ်က ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရပြီး လအတန်ကြာ အနားယူရမှာဖြစ်တာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။ အန်တိုနီဟာ ၂၀၂ဝခုနှစ်ကမှ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းကနေ အေဂျက်စ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အေဂျက်စ်အသင်းအတွက် ပွဲပေါင်း(၃၈)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး(၁၁)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အန်တိုနီက အေဂျက်စ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိကို စာချုပ်သက်တမ်းရှည်ကြီး ကျန်ရှိထားသူဖြစ်သလို လက်ရှိ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်လည်း ဖြစ်နေတဲ့အတွက် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအနေနဲ့ အန်တိုနီကို ခေါ်ယူဖို့က ခက်ခဲနိုင်ပြီး ဆောင်းစျေးကွက်လို ဘောလုံးရာသီဝက်မှာဆိုရင် ပိုလို့တောင် ခက်ခဲနိုင်ပါတယ်။