မန်စီးတီးအသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ စီကီ ဘာဂျီရီစတိန်း (Txiki Begiristain) ဟာ ဘာစိလိုနာ တိုက်စစ်မှူး မက်ဆီကို (၂) နှစ် စာချုပ်နဲ့ ကမ်းလှမ်းဖို့အတွက် ဘာစီလိုနာမြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်လို့ အင်္ဂလန် အခြေစိုက် TheSun သတင်းက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဘာစီလိုနာ ဥက္ကဌလောင်း တိုနီ ဖရီဆာ (Toni Freixa) ကလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က တိုက်စစ်မှူး မက်ဆီဟာ အသင်းမှာ ရှိနေဖို့ မသေချာဘဲ မန်စီးတီးအသင်းကို ပြောင်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: TheSun

ယခုအပတ် တနင်္လာနေ့ကတော့ မန်စီးတီးအသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ပေါင် သန်း (၄၅၀)၊ (၅) နှစ် စာချုပ်နဲ့ ကမ်းလှမ်းချင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် Cadena Ser သတင်းက မန်စီးတီးအသင်းအနေနဲ့ (၂) နှစ် စာချုပ်နဲ့ ကမ်းလှမ်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ စပိန် အခြေစိုက်သတင်းတွေကတော့ မန်စီးတီး အသင်းရဲ့ ဘောလုံးဒါရိုက်တာ ဘာဂျီရီစတိန်းဟာ ဘာစီလိုနာမြို့ကို ရောက်ရှိနေပြီ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီကို (၂) နှစ် စာချုပ်နဲ့ ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြလျက် ရှိနေပါတယ်။

Photo Credit: TheSun

တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေ့နေက အသင်းရဲ့ ကိုရိုနာ ဗိုင်းရပ် စစ်ဆေးမှုမှာ မပါဝင်ခဲ့သလို၊ တင်္လာနေ့ကလည်း ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ မပါဝင်ခဲ့ပြန်တာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ အပြုအမှုအတွက် အလွန် ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ချမှတ်ခံရနိုင်တယ်လို့ Marca သတင်းက ဖော်ပြခဲ့ပြီး လက်ရှိမှာတော့ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက တိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာမြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လာလီဂါ အဖွဲ့ချုပ်ကတော့ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူချင်တယ် ဆိုရင် စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) ပေးနိုင်မှ ခေါ်ယူလို့ ရမယ်လို့ စာစောင် ထုတ်ပြန်သွားခဲ့တာကြောင့် မန်စီးတီးအသင်းအနေနဲ့ တိုက်စစ်မှူး မက်ဆီကို ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ခေါ်ယူသွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။