မန်စီးတီးအသင်းရဲ့ နည်းပြပတ်ဂွာဒီယိုလာကတော့ အသင်းရဲ့ဘယ်ခြမ်းခံစစ်နေရာမှာ ဘင်ဂျမင်မန်ဒီနဲ့အတူ နောက်ထပ်ခံစစ်အစွန်လူတစ်ယောက်ကို အပြိုင်အသုံးပြုနိုင်ဖို့အတွက် ဘယ်နောက်ခံကစားသမားတစ်ယောက်ကို လာမယ့်ဇန်နဝါရီလ ဆောင်းရာသီစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ရှိနေပြီး လက်ရှိမှာတော့ ဂွာဒီယိုလာက အေဂျက်စ်အသင်းရဲ့ အာဂျင်တီးနားဘယ်နောက်ခံကစားသမား နီကိုလပ်စ်တာဂလီယာဖီဂိုကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Youtube

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ဘယ်နောက်ခံကစားသမား တာဂလီယာဖီဂိုဟာ ၂၀၁၈ခုနှစ်ကမှ အာဂျင်တီးနားကနေ အေဂျက်စ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အေဂျက်စ်နဲ့အတူ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ သူရဲ့ခြေစွမ်းပိုင်းကောင်းမွန်မှုတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး အာဆင်နယ်အသင်းတို့ကနေ ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ပြီး လက်ရှိမှာတော့ ဒီအသင်းတွေမှာ ဘယ်ခြမ်းခံစစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်နေတဲ့အတွက် တာဂလီယာဖီဂိုကို မန်စီးတီးတစ်သင်းတည်းကပဲ ပြိုင်ဘက်ကင်းစွာနဲ့ စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Goal

တာဂလီယာဖီဂိုကို မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကိုယ်တိုင် နှစ်သက်နေသူဖြစ်ပြီး နည်းစနစ်ပိုင်းကြွယ်ဝတဲ့ သူ့လို ဘယ်နောက်ခံလူတစ်ယောက်ကို ဘင်ဂျမင်မန်ဒီနဲ့အပြိုင် ဘယ်ခြမ်းခံစစ်နေရာမှာ အသုံးပြုချင်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ တာဂလီယာဖီဂိုကို ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ပေမယ့် အသင်းရဲ့နောက်ခံအစွန်လူ ဇင်ချန်ကိုကို မရောင်းချနိုင်သေးတာကြောင့် တာဂလီယာဖီဂိုကို မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက မန်ဒီရဲ့ခြေစွမ်းတွေအပေါ်မှာ အနည်းငယ် သံသယရှိနေတဲ့အတွက် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ တာဂလီယာဖီဂိုကို ခေါ်ယူသွားဖို့အတွက် ပြင်ဆင်လာဖွယ်ရှိနေပြီး အေဂျက်စ်ဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)အထိ သတ်မှတ်လို့ထားပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ အသင်းရဲ့အားနည်းနေတဲ့ နေရာဖြစ်တဲ့ ခံစစ်ပိုင်းအတွက် နာသန်အကီနဲ့ ရူဘင်ဒီယက်စ်တို့(၂)ဦးကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး တိုက်စစ်ပိုင်းအတွက်လည်း ဗလင်စီယာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမားလေး ဖယ်ရန်တောရက်စ်ကိုပါ ခေါ်ယူထားနိုင်ခဲ့ပါတယ်။