ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ သူပြောင်းရွှေ့ကစားလိုတဲ့ ကလပ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တော့မှာဖြစ်လို့ သူ့ကို ပိုင်ဆိုင်ရဖို့အတွက် ဥရောပထိပ်သီး ကလပ်အသင်းတွေများစွာက ကြိုးပမ်းလျက်ရှိနေရာ လတ်တလောအခြေအနေအရ မက်ဆီနဲ့ သတင်းအထွက်ဆုံးက ပြင်သစ်လီဂူး ထိပ်တန်းကလပ်တစ်ခုဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ဖြစ်လို့နေပါတယ်။

Photo Credit : The Sun

ဒီရက်ပိုင်းလေးမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ တရားဝင် Stores တွေကို မက်ဆီနဲ့ပတ်သက်တဲ့ အသင်းဝတ်စုံတွေ ထုတ်လုပ်ထားဖို့အထိ ညွှန်ကြားထားတယ်လို့ သိရှိရပြီး ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကလည်း ပြီးခဲ့တဲ့လလောက်က လာမယ့်နှစ်အတွင်း သူနဲ့မက်ဆီတို့ ပြန်လည်တွဲဖက်ရမှာ သေချာတယ်လို့ အခိုင်အမာပြောဆိုထားခဲ့တာကြောင့် မက်ဆီနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကောဟဟာလတွေက ထုထည်ပိုကြီးမားလာခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီသာ ဘာစီလိုနာကနေ ထွက်ခွာဖြစ်မယ်ဆိုရင် မန်စီးတီးကို ရွေးချယ်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော်ဟောင်း ဇာဘလက်တာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ဇာဘလက်တာက “မက်ဆီကို ဒီလိုအခြေအနေနဲ့ မြင်တွေ့နေရတာ စိတ်ထဲမကောင်းမိပါဘူး။ နောက်ပြီး သူက ဘာစီလိုနာအသင်းကနေ ဒီလိုပုံစံမျိုးနဲ့ ထွက်ခွာသွားလိမ့်မယ်လို့လည်း ကျွန်တော်ဘယ်တုန်းကမှ မထင်ထားမိခဲ့ဘူး။ အသင်းကလည်း အခုလက်ရှိမှာ ကောင်းကောင်းမကစားနိုင်သလို သူကလည်း ဒီအသင်းမှာ ကစားနေရတာကို မပျော်ရွှင်တော့သလို ဖြစ်နေရပါတယ်။ ဒါကြောင့် ရာသီအကုန်မှာ မက်ဆီနဲ့ပတ်သက်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ သူက မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးနဲ့ အရမ်းခင်မင်သူဖြစ်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့လည်း ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးပါသေးတယ်။ ဒါကြောင့် သူတို့အချင်းချင်း သိကျွမ်းနေကြမယ်။ ဒါ့အပြင် မန်စီးတီးအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တချို့ကလည်း မက်ဆီနဲ့ ခင်မင်နေကြမှာပါ။ တကယ်လို့ မက်ဆီအနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် တခြားလိဂ်တစ်ခုမှာပဲ လာရောက်ကစားချင်မှာပါ။ မန်စီးတီးကလည်း သူပြောင်းရွှေ့ချင်တဲ့ အသင်းတွေထဲမှာ ပါဝင်နေမှာပါ။ ဘယ်ကစားသမားမဆို ပရီးမီးယားလိဂ်မှာ လာရောက်ကစားချင်ကြသူတွေချည်းပဲ။ ကမ္ဘာ့အကောင်းဆုံးလိဂ်ထဲမှာ ပရီးမီးယားလိဂ်လည်း ပါဝင်နေတာပါ။ မက်ဆီအတွက် မန်စီးတီးက အကောင်းဆုံးနေရာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီမှာရှိတဲ့ လူအများစုနဲ့ သူနဲ့က ခင်မင်နေကြတာကို။ ကျွန်တော်လည်း မက်ဆီကို မန်စီးတီးမှာ ကစားစေချင်တယ်” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။