ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းဟာ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ နာပိုလီအသင်းရဲ့ အဓိက နောက်ခံလူ ကူလီဘလီကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ် လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ အဓိက နောက်ခံလူ ကွန်ပနီ ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ထိပ်တန်း ဗဟိုခံစစ်မှူး ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အသင်း ဖြစ်ကာ လက်ရှိ ရှိနေတဲ့ နောက်ခံလူတွေထဲမှာ လာပေါ့တ် တစ်ဦးတည်းသာ ထိပ်တန်းအဆင့် ခြေစွမ်းကိုဂပိုင်ဆိုင်တာကြောင့် ယခု နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ခံစစ်ကြောင်းကို အဓိက ပြင်ဆင်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

မန်စီးတီးအသင်းဟာ လက်ရှိ နွေစျေးကွက်ထဲမှာ ဘုန်းမောက်အသင်းရဲ့ နောက်ခံလူ အကီနဲ့ ဗလင်စီယာအသင်းရဲ့ တောင်ပံ ကစားသမား ဖာရန်တောရက်စ်တို့ကို ခေါ်ယူပြီး ဖြစ်ပေမယ့် အသင်းကို ထပ်မံ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဒီတစ်ခါမှာတော့ နာပိုလီအသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ကူလီဘလီ ကို ခေါ်ယူဖို့ ကြိုးစားလာတာပါ။ မန်စီးတီး အသင်းဟာ ကူလီဘလီကို သူတို့အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း ကို အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပြီး မန်စီးတီးအသင်းဟာ မကြာမီမှာပဲ ကူလီဘလီအတွက် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ် သွားတော့မယ်လို့လည်း သိရပါတယ်။

Photo Credit: AS English

နာပိုလီအသင်းကတော့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ကူလီဘလီကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရပါက ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီး ကူလီဘလီဟာ နွေစျေးကွက်မှာ နာပိုလီအသင်းကနေ ထွက်ခွာနိုင်ကြောင်းကို နာပိုလီအသင်းရဲ့ ဥက္ကဌ လော်ရန်တေးကိုယ်တိုင်က အတည်ပြု ထားပါတယ်။ အသက်၂၉နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ကူလီဘလီ ဟာ ကစားသမားဘဝ အကောင်းဆုံး အချိန် ကို ရောက်ရှိနေတဲ့ ကစားသမား ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။ အီတလီသတင်းစာတွေရဲ့ အဆိုအရတော့ မန်စီးတီးအသင်းဟာ ကူလီဘလီအတွက် နာပိုလီအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်းဝန်းကျင် ပေးချေ ရဖွယ် ရှိတယ်လို့ သိရှိရပါတယ်။