မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံကစားသမား ဂျွန်စတုန်းစ်ဟာ အဂ်လန်နဲ့ ဂျာမနီအသင်းတို့ ယှဥ်ပြိုင်ခဲ့ကြတဲ့ Nations League အုပ်စုနောက်ဆုံးပွဲစဥ်မှာ ပါဝင်ခဲ့ရင်း ဒဏ်ရာရရှိသွားတာကြောင့် ပထမပိုင်းအတွင်းမှာပဲ လူစားလဲခံခဲ့ရသလို လာမယ့် weekend မှာ ကစားရမယ့် မန်ချက်စတာဒါဘီကိုပါ လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

မနေ့ညက ပွဲစဥ်မှာ အဂ်လန်ခံစစ်အတွင်း ပါဝင်လာခဲ့တဲ့ နောက်ခံလူ စတုန်းစ်က ပွဲကစားချိန် (၃၅)မိနစ်ခန့်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် မကစားနိုင်တော့ပဲ ကိုင်းဝေါ့ကာနဲ့ လူစားလဲခဲ့ရပါတယ်။ စတုန်းစ်ဟာ ဟန်​ဂေရီနဲ့ပွဲစဥ်မှာ ၂ဝါ၁နီနဲ့ ထုတ်ပယ်ခံထားရလို့ အီတလီနဲ့ပွဲကို လွဲချော်ထားခဲ့ရတာဖြစ်ပြီး ဂျာမနီနဲ့ပွဲကိုတော့ ပြန်လည် ပါဝင်ခွင့် ရရှိခဲ့ပေမယ့်လည်း မမျှော်လင့်ပဲ တံကောက်ကြောဒဏ်ရာကြောင့် ပွဲကို ဆက်မကစားနိုင်တော့သလို မြို့ခံယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲကို ပါဝင်ကစားနိုင်ဖွယ် မရှိတော့သလို ဖြစ်နေရပါတယ်။

Photo Credit : Manchester Evening News

လက်ရှိမှာ စတုန်းစ်ရဲ့ဒဏ်ရာအတိမ်အနက်က ဘယ်လောက်ထိ အနားယူရဦးမယ်ဆိုတာ မသိရသေးပေမယ့် လက်ရှိ ဒဏ်ရာအနေအထားအရတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက စတုန်းစ်ကို risk ယူပြီး မန်ချက်စတာဒါဘီပွဲမှာ အသုံးပြုလာဖွယ် မရှိနိုင်လောက်ပါဘူး။ အသက်(၂၈)နှစ်အရွယ်ရှိ ဘန်စလေ အကယ်ဒမီထွက် ဗဟိုခံစစ်ကစားသမား စတုန်းစ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲ ပါဝင်ကစားထားခဲ့ပြီး ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲလည်း စီးတီးအတွက် အရေးပါလှတဲ့ ချေပဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ centre-back တစ်ဦး ဖြစ်ပေမယ့်လည်း လိုအပ်ရင် right-back ထိ ကစားပေးနိုင်သလို ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲ ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာပါ RB အဖြစ် ပြောင်းလဲကစားခဲ့ပါတယ်။ စတုန်းစ်က စီးတီးရဲ့ အားထားရတဲ့ ကစားသမားဖြစ်သလို နေရာစုံ လိုက်ပါကစားတတ်သူဖြစ်လို့ မန်ချက်စတာဒါဘီမှာ သူသာ မပါလာနိုင်ရင် စီးတီးအတွက် အနည်းငယ် နစ်နာနိုင်ပေမယ့် ဂွာဒီယိုလာကတော့ ဆွစ်ခံစစ်မှူး အကန်ဂျီကို ပွဲထုတ်လာနိုင်ဖွယ် ရှိနေပါတယ်။ စီးတီးက ဒီရာသီမှာ ရှုံးပွဲမရှိသေးပဲ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး သူတို့နဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက်ကတော့ နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ (၄)ပွဲဆက် တောက်လျှောက် အနိုင်ရထားခဲ့ပါတယ်။