ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီလားအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ လူငယ် ခံစစ်မှူး ကူအန်ဒီကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လီဗာပူးအသင်းထံ ပေးအပ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယခုနှစ်မှာ ပြန်လည် သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားသလို ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုတွေ ရရှိလိုတာကြောင့် သူတို့အသင်းရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေတဲ့ ဗဟိုခံစစ် နေရာအတွက် ကောင်းမွန်တဲ့ ခံစစ်မှူး တစ်ဦးကို အလိုရှိနေပါတယ်။

Photo Credit: Sky Sports

မန်စီးတီးအသင်းဟာ အသင်းရဲ့ အားထားရတဲ့ အသင်းခေါင်းဆောင် ခံစစ်မှူး ကွန်ပနီကို လက်လွှတ်ခဲ့ရ အပြီးမှာ ခံစစ်ပိုင်း အားနည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်း ဖြစ်ကာ လက်ရှိ အသင်းမှာ ရှိနေတဲ့ ဗဟိုခံစစ်မှူးတွေထဲမှာ ပြင်သစ် နောက်ခံလူ ဖြစ်တဲ့ လာပေါ့တ်တစ်ဦးထဲသာ ပုံမှန် ခြေစွမ်းပြနိုင်တဲ့ ဗဟိုခံစစ်မှူး အဖြစ် ရှိနေပါတယ်။ ဒါ့ကြောင့်လည်း မန်စီးတီးအသင်းဟာ ယခု နွေစျေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူး တစ်ဦးကို ဝယ်ယူဖို့ ရှာဖွေနေပြီး နာပိုလီ ခံစစ်မှူး ကူလီဘလီ ၊ အက်သလက်တီကို မက်ဒရစ်ရဲ့ ခံစစ်မှူး ဂျီမီနက်စ်နဲ့ ဆီဗီလား ခံစစ်မှူး ကူအန်ဒီတို့ ဖြစ်ကြောင်း မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Photo Credit: Sky Sports

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ခံစစ်မှူး ဂျီမီနက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အက်သလက်တီကို အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ခြင်း မရှိတဲ့ အချိန်မှာတော့ ကူအန်ဒီကို ပြောင်းလဲ ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။ ဆီဗီလားအသင်းနဲ့ နီးစပ်သူတွေကလည်း မန်စီးတီးအသင်းဟာ ကူအန်ဒီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြု ပေးထားပြီး ဆီဗီလားအသင်းဟာ မန်စီးတီးအသင်းရဲ့ ကနဦး ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့တယ် လို့ သတင်းဌာနတွေက ဖွင့်ဟ ပြောကြား ထားခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဆီဗီလားအသင်းဟာ ကူအန်ဒီကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ပြောင်းရွှေ့ကြေး ယူရို ၉၀ သန်း ဝန်းကျင် ရရှိမယ်ဆိုပါက ကျိန်းသေပေါက် ရောင်းချသွားမယ်လို့ သိရှိရပါတယ်။