ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် ဖြစ်ခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေမှုတွေအား ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန နှစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနနဲ့ Mundo Deportivo သတင်းဌာနတို့က ဖော်ပြ သွားခဲ့ကြပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ် အတွင်းကို ရောက်ရှိနေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာပဲ ဘာစီလိုနာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Photo Credit: Mundo Deportivo

မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ဘာစီလိုနာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ သူ ပြောင်းရွှေ့ချင်တဲ့ အသင်းနဲ့ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်တဲ့ အခွင့်အရေး ရှိနေပြီး လတ်တလောမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေခဲ့ပါတယ်။ ဒါပေမယ့် Sky Sports သတင်းဌာနရဲ့ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ Semra Hunter နဲ့ စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Mundo Deportivo သတင်းဌာနတို့ ကတော့ မန်ချက်စတာ စီးတီး အသင်းဟာ မက်ဆီရဲ့ လက်ရှိရာသီ ခြေစွမ်းတွေကြောင့် မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေမှုတွေအား ရပ်တန့်ထားကြောင်း တညီတညွတ်ထဲ ဖော်ပြ သွားကြပါတယ်။

Photo Credit: Mundo Deportivo

မန်ချက်စတာ စီးတီးအသင်းနဲ့ မက်ဆီတို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး Hunter က “ မက်ဆီ အတွက် မန်ချက်စတာ စီးတီးအသင်းရဲ့ တံခါးတွေ အားလုံးက ပိတ်သွားပါပြီ။ မက်ဆီ အတွက် ကမ်းလှမ်းမှုတွေက ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေနဲ့တောင် ကျွန်တော် စကား ပြောရဲပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မက်ဆီရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ နီးစပ်တဲ့သူ တစ်ဦးက ကျွန်တော့် ကို လက်ရှိမှာ မန်ချက်စတာ စီးတီးအသင်းက မက်ဆီကို ကမ်းလှမ်းတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့လို့ပါ။ ကျွန်တော် ရထားတဲ့ သတင်းကို အခြေခံမယ် ဆိုရင်တော့ မက်ဆီအတွက် မန်ချက်စတာ စီးတီးအသင်းရဲ့ တံခါးပေါက်တွေက ပိတ်သွားပြီလို့ ဆိုရပါမယ်။ ဒါဟာ အချက်နှစ်ခုကြောင့် ဖြစ်ပါတယ်။ ပထမ တစ်ချက် ကတော့ လက်ရှိမှာ မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး အချိန်မှာ ရှိနေတာကြောင့်ပါ။ အခု ကျွန်တော်တို့ မြင်နေရတဲ့ မက်ဆီဟာ လွန်ခဲ့တဲ့ ၁၇နှစ်ဆက်တိုက် မြင်ခဲ့ရတဲ့ မက်ဆီ မဟုတ်တော့ပါဘူး။ ဒုတိယ တစ်ချက်ကတော့ မန်ချက်စတာ စီးတီးအသင်းဟာ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ နိုင်ခဲ့သည့် တိုင်အောင် သူ့ရဲ့ တစ်နှစ်လုပ်ခ ယူရို ၁၀၀သန်းကို လက်ရှိ ကပ်ရောဂါ ကာလအတွင်းမှာ ဘယ်အသင်းမှ မပေးချေနိုင်တာကြောင့်ပါ” လို့ ပြောကြား သွားခဲ့ပါတယ်။