ဒီနှစ်ဘောလုံးရာသီအကုန်မှာ သက်ဆိုင်ရာကလပ်အသင်း အသီးသီးနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မယ့် ထိပ်တန်းဘောလုံးသမားတွေ များစွာရှိနေကြတဲ့အထဲမှာ မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးလည်း ပါဝင်လို့နေပါတယ်။ အဂွဲရိုးနဲ့ မန်စီးတီးအသင်းကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လက်ရှိအချိန်မှာ (၆)လခန့်သာ ကျန်ရှိနေတော့တာဖြစ်သလို စာချုပ်သစ်ကိစ္စကလည်း မရေမရာ ဖြစ်လို့နေတာကြောင့် ဒီအခြေအနေတွေကို ဥရောပကလပ်အသင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပါတယ်။

Photo Credit : Outlook India

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား အဂွဲရိုးဟာ မန်စီးတီးအသင်းမှာ (၉)နှစ်နီးပါးလောက်အထိကို ပါဝင်ကစားခဲ့သူဖြစ်ပြီး သူရဲ့အမှတ်တရဖြစ်စေမယ့် သွင်းဂိုးကြောင့်ပဲ မန်စီးတီးတို့ အသင်းသမိုင်းတလျှောက် ပထမဆုံးသော ပရီးမီးယားလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အဂွဲရိုးဟာ အသက်အရွှယ်က (၃၃)နားကို ရောက်ရှိလာပြီဖြစ်သလို ဒီရာသီမှာဆိုရင်လည်း ဒဏ်ရာပြသာနာတွေရဲ့ နှောင့်ယှက်မှုတွေကြောင့် အသင်းအတွက် ပွဲအနည်းငယ်သာ ကစားနိုင်ခဲ့ရပြီး သွင်းဂိုးတွေလည်း ကျဆင်းသွားခဲ့ရပါတယ်။

Photo Credit : Premier League

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အဂွဲရိုးကို မန်စီးတီးဘက်ကနေ စာချုပ်သစ်ချပ်ဆိုဖို့အတွက် အသေအချာ ကမ်းလှမ်းထားမှုတွေ မပြုလုပ်ထားသေးပဲ လာမယ့်ရာသီအတွက် အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်သွားဖို့ကိုသာ ဆောင်ရွှက်လျက်ရှိနေတာကြောင့် အဂွဲရိုးကိုယ်တိုင် အသင်းဘက်က အပြုအမှုတွေကို စိတ်ပျက်လို့နေပါတယ်။ အဂွဲရိုးဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းက လပိုင်းသာ ကျန်ရှိတော့တာဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေမှလွဲပြီး ကျန်တဲ့အမှတ်ပေးလိဂ်တွေက ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မှာဖြစ်သလို အကြိုသဘောတူညီမှုတွေပါ ရယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဥရောပထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ ဂျုဗင်တပ်စ် အင်တာမီလန်တို့က အဂွဲရိုးကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်လျက်ရှိနေသလို အခုလတ်တလောမှာလည်း ဘာစီလိုနာအသင်းကပါ အဂွဲရိုးကို စတင်ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဂွဲရိုးဟာ လက်ရှိမှာ ကိုဗစ်ကူးစက်ခံထားရသူတစ်ဦးနဲ့ ထိတွေ့ထားခဲ့မိတာကြောင့် တစ်ဦးတည်းသီးသန့် နေထိုင်နေရပြီး ဘရိုက်တန် ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။