မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ မန်စီးတီးအတွက် ပွဲထွက်ကစားခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပေမယ့်လည်း စပါးကစားသမားတွေနဲ့ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် ပခုံးဒဏ်ရာ ရရှိသွားခဲ့ပြီး ပွဲအပြီးမှာပဲ သူရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ သိပ်မကြာခင်မှာပဲ ဒဏ်ရာအတိမ်အနက်ကို အသေးစိတ် သိလာရမယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပါးနဲ့ မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က မိနစ်(၉၀)အပြည့် ပါဝင်ကစားခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ ပခုံးဒဏ်ရာ ခံစားရနေရတဲ့ ပုံစံဖြစ်နေခဲ့သလို ပခုံးကို သိုင်းဖက်ပြီးတော့ ကွင်းရဲ့ဥမင်လိုဏ်ခေါင်းကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဂန်ဒိုဂန်ရဲ့ ပခုံးဒဏ်ရာ အခြေအနေနဲ့ပတ်သက်ပြီး နည်းပြဂွာဒီယိုလာက “သူ့ပခုံးမှာ တခုခု ဖြစ်သွားခဲ့တယ်။ မနက်ဖြန် ဆရာဝန်နဲ့ စစ်ဆေးပြီးသွားရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ငါတို့ သိရပါလိမ့်မယ်။ ငါသိရသလောက်တော့ တခုခု ဖြစ်သွားတဲ့ပုံတော့ ရှိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ စပါးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး တာထွက်မလှမပ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်တဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းနားကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး စပါးနဲ့ပွဲစဉ်အတွင်း ဒုတိယပိုင်း ပွဲချိန်ပြီးခါလောက်မှာ ဝင်ရောက်ကစားသွားနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းနား ပြန်လည်ကစားနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “ကယ်ဗင်က မိနစ်အနည်းငယ် ပါဝင်ကစားခဲ့တာဖြစ်ပေမယ့် သူရဲ့ခြေချင်းဝတ်ဒဏ်ရာကြောင့် ပွဲကို အပြည့်အဝတော့ မကစားနိုင်သေးပါဘူး။ ကိုင်းလ်ဝေါ်ကာ ဂျွန်စတုန်းစ် လာပေါ့တ်တို့ကလည်း တကယ်ကို ပြန်ကောင်းမွန်နေကြပါပြီ။ ဂါဘရီရယ်ဂျေဇူးလည်း ဒီပွဲမှာ ပြန်လည်ပါဝင်လာနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ကစားသမားတွေအားလုံးက အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ ထိုက်တန်မှုရှိလှတဲ့ ကစားသမားတွေပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ မန်စီးတီးအသင်းဟာ လာမယ့်တစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် တန်းတတ်အသင်း တစ်သင်းဖြစ်တဲဲ့ နောဝစ်ချ်စီးတီးအသင်းနဲ့ အယ်တီဟတ်ကွင်းအတွင်း ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။