မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာပြသာနာတွေကြောင့် မကြာခဏဆိုသလို အနားယူနေရပေမယ့်လည်း မနေ့ညက မာဆေးလ်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ လူစားဝင်ကစားခဲ့ကာ သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဂွဲရိုးအနေနဲ့ လာမယ့်စနေနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီမှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား အဂွဲရိုးဟာ ရာသီအစကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရသလို ဒူးဒဏ်ရာသက်သာပြီး ပွဲအနည်းငယ် ပြန်လည်ကစားပြီးနောက်မှာလည်း တံကောက်ကြောဒဏ်ရာကို ထပ်မံရင်ဆိုင်ခဲ့ရတဲ့အတွက် အသင်းနဲ့ ပွဲများစွာကို လွဲချော်ခဲ့ရပါတယ်။ ဒီလို ဒဏ်ရာပြသာနာကြောင့်လည်း အဂွဲရိုးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ (၃)ပွဲသာ ကစားခဲ့ရတဲ့အပြင် ပြိုင်ပွဲစုံမှာဆိုရင်လည်း (၅)ပွဲပဲ ပါဝင်ထားခဲ့ရပါတယ်။

Photo Credit : NBC Sports

တံကောက်ကြောဒဏ်ရာကြောင့် ဝက်စ်ဟမ်းနဲ့ ကစားပြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နောက်ပိုင်းကတည်းက အနားယူနေရတဲ့ အဂွဲရိုးဟာ မနေ့ညက မာဆေးလ်အသင်းနဲ့ ပွဲစဉ်မှာတော့ လူစားဝင်ကစားခဲ့သလို အသင်းအတွက်ကိုလည်း သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ ဒါပေမယ့် အဂွဲရိုးကိုတော့ လာမယ့်မန်ချက်စတာဒါဘီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် တစ်ခါတည်း တန်းပြီး အသုံးပြုသွားဦးမှာမဟုတ်ပဲ တစ်ဆင့်ပြီးတစ်ဆင့်သာ အသုံးပြုမယ်လို့ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက “သူရဲ့ဂိုးသွင်းတတ်တဲ့ ဗီဇကတော့ အမြဲတမ်းကို ရှိနေတတ်တာပါ။ အခု သူက လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း (၃)(၄)ကြိမ်လောက်ကို လုပ်ဆောင်နေပါပြီ။ သူရဲ့တုန့်ပြန်မှုကလည်း အရမ်းကောင်းနေပါတယ်။ မာဆေးလ်နဲ့ပွဲမှာလည်း (၂၅)မိနစ်လောက် ပါဝင်ကစားခဲ့ပြီးတော့ သွင်းဂိုးတစ်ဂိုးကိုလည်း ရယူသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ဆင့်ပြီးတစ်ဆင့်ပဲ ကျွန်တော်တို့ သုံးသွားမှာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ကာ မန်ချက်စတာဒါဘီမှာလည်း အဂွဲရိုးကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီရာသီမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာရကစားသမားတွေအားလုံးနီးပါး ပြန်လည်သက်သာနေပြီဖြစ်လို့ မန်ချက်စတာဒါဘီမှာ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိနေပါတယ်။