ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဝယ်ယူချင်တဲ့ အသင်းတွေ ရှိပါက ရောင်းချသွားဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့် အထိ ရောက်ရှိအပြီးမှာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ကြီးကြီးမားမား ပြောင်းလဲဖို့ စဉ်းစားနေပြီး သူတို့ရဲ့ နွေရာသီ ပစ်မှတ် ကစားသမားတွေဟာ တန်ကြေးမြင့် ကစားသမားတွေ ဖြစ်တာကြောင့် အဆိုပါ ကစားသမားတွေကို မခေါ်ယူခင် အသင်းမှာ ရှိတဲ့ ကစားသမားထဲက တချို့ကို ရောင်းထုတ်ကာ ငွေကြေး ရှာဖွေချင်နေပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂရီးလစ်ချ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အဆိုပါ ကစားသမား ၂ဦးကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်းခန့် သုံးစွဲရဖွယ် ရှိတာကြောင့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ စတာလင်းနဲ့ မာရက်ဇ် ၊ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ၊ နောက်ခံလူ လာပေါ်တေးတို့ကို ရောင်းချဖို့ စီစဉ်နေပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ ဘာနာဒို ဆေးလ်ဗားရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက်မှု ရှိပေမယ့် အသင်းရဲ့ ဘဏ္ဏာရေးဆိုင်ရာ လိုအပ်ချက်ကြောင့် ဘာနာဒို ဆေးလ်ဗားကို ရောင်းချဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

Photo Credit: Standard

လတ်တလောမှာတော့ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ဥရောပ ထိပ်သီးအသင်းတွေက စောင့်ကြည့်နေပြီး ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဂျာမန် အင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ဘာနာဒို ဆေးလ်ဗားရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး မန်ချက်စတာ စီးတီးအသင်း ကတော့ ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။ အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ အတိုးအလှုပ်တွေနဲ့ တဖက်အသင်းရဲ့ ခံစစ်ကြောင်းကို ဖြိုခွဲနိုင်စွမ်း ရှိသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၅ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် သူ့ကို ရရှိတဲ့ အသင်းဟာ တကယ်ကို ကောင်းမွန်တဲ့ လူအင်အား ဖြည့်တင်းမှု တရပ်ကို ပြုလုပ်နိုင်ဖို့ အလားအလာ များနေပါတယ်။