မန်စီးတီးအသင်းကတော့ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီသစ်အတွက် ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဗလင်စီယာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမားလေး ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်(၂၁)သန်းနဲ့အတူ အပိုဆုကြေးတချို့နဲ့ အပြီးသတ်ခေါ်ယူလိုက်နိုင်ပြီး မန်စီးတီးအသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ကစားသမားနဲ့လည်း (၅)နှစ်စာချုပ်အထိကို ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်ရှိ ဗလင်စီယာလူငယ်ကြယ်ပွင့်လေးဟာ ဗလင်စီယာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်ရခဲ့ကာ အဲ့ဒီနောက်ပိုင်း အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသလာခဲ့လို့ သူ့ကို စပိန်လာလီဂါ ကလပ်အသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့အပြင် အခြားလိဂ်တွေ ကလပ်အသင်းများစွာကပါ စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့ပြီး ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်(၂၁)သန်းအပြင် အပိုဆုကြေးနဲ့ ပေါင်(၁၁)သန်းနဲ့ ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Youtube

မန်စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကို ရောင်းချလိုက်ရတဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်းဆာနေးရဲ့နေရာအတွက် ကစားသမားတစ်ယောက်ကို အစားထိုးဖို့ လိုအပ်နေခဲ့တာကြောင့် ကစားသမားရှာဖွေရင်းနဲ့ ဖာရန်တောရက်စ်ကို သတိထားမိလို့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ ဇူလိုင်(၂၇)ရက်နေ့ခန့်ကပဲ သဘောတူညီမှု ရယူနိုင်ခဲ့သလို သတင်းအချို့ကလည်း ဖာရန်တောရက်ရဲ့အပြောင်းအရွှေ့ကိစ္စ အင်္ဂါနေ့မှာ မန်စီးတီးဘက်ကနေ တရားဝင်ထုတ်ပြန်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ရာ လက်တွေ့ဖြစ်လာခဲ့ရပါတယ်။ အရည်အသွေးရှိတဲ့ ကစားသမားလေးတစ်ယောက်ဖြစ်ပေမယ့် ဖာရန်တောရက်စ်နဲ့ ဗလင်စီယာအသင်းတို့ကြားမှာ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိတော့တာဖြစ်လို့ မန်စီးတီးက ဒီကစားသမားလေးကို တန်ကြေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ အင်္ဂလန်နိုင်ငံအတွင်း ဝင်ရောက်ဖို့က ကိုဗစ်ကိစ္စတွေနဲ့ ခက်ခဲနေတာဖြစ်လို့ ဆေးစစ်မှုကို စပိန်မှာသာ ပြုလုပ်ခဲ့ပြီး ဆေးစစ်မှုအောင်မြင်သွားချိန်မှာ ဖာရန်တောရက်စ်ရဲ့ မန်စီးတီးဝတ်စုံနဲ့ ဓါတ်ပုံတွေပါ ပေါ်ထွက်လာခဲ့ရတာဖြစ်ပါတယ်။ ဖာရန်တောရက်စ်အပြီး မန်စီးတီးအသင်းဆီ ဒုတိယမြောက် ရောက်ရှိလာမယ့်သူက နောက်ခံလူနာသန်အကီဖြစ်တယ်လို့ မီဒီယာတွေက ထင်ကြေးပေးဖော်ပြနေပါတယ်။