MySport Myanmar

၁၄နှစ်သား နူဘစ်စီကို ယူရို ၁.၂သန်း အထိ ပေးကာ ခေါ်ယူခဲ့တဲ့ မန်ချက်စတာ စီးတီး

ပူပူနွေးနွေး ဥရောပ စူပါဖလားချန်ပီယံ မန်ချက်စတာ စီးတီးက အသက် ၁၄နှစ် အရွယ်သာ ရှိသေးတဲ့ လက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် နူဘစ်စီကို ပြောင်းရွှေ့ကြေး ယူရို ၁.၂သန်း အထိ ပေးကာ ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ထိပ်တန်း ကစားသမားတွေကို ပြောင်းရွှေ့ကြေး မြင့်မားစွာ ပေးချေကာ ခေါ်ယူမယ့် အစား အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို လိုက်လံ စုဆောင်းခဲ့ပါတယ်။

Photo Credit: Standard

လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်းက အလုပ်ဖြစ်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးက ဖိုဒန် ၊ ပါလ်မာ ၊ ရီကို လီဝစ် စတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို ပိုင်ဆိုင်ခဲ့သလို လာဗီယာ ၊ ပေါ်ရို စတဲ့ ကစားသမားတွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ဘဏ္ဍာရေးအင်အား တောင့်တင်းတဲ့ အသင်းပီပီ သူတို့ လိုချင်တဲ့ လူငယ်ကြယ်ပွင့်တွေကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူလေ့ ရှိပြီး ယခုတခါမှာလည်း မန်ချက်စတာ စီးတီးက လက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် နူဘစ်စီကို ခေါ်ယူနိုင်ဖို့ ငွေပုံပေးခဲ့ပြန်ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipeသတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက အသက် ၁၄နှစ် အရွယ်သာ ရှိသေးတဲ့ လက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် နူဘစ်စီကို ခေါ်ယူခဲ့ချိန်မှာ လက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၁.၂သန်း အထိ ပေးချေခဲ့ကြောင်း သိရပါတယ်။

နူဘစ်စီက ကွင်းလယ်နဲ့ တိုက်စစ် နေရာတွေမှာ ကစားလေ့ ရှိတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက မန်ချက်စတာ စီးတီထံ ပြောင်းရွှေ့ပြီးနောက် စီးတီးရဲ့ ယူ-၁၆အသင်းမှာ ပါဝင် ကစားရဖို့ ရှိနေကာ ကျောနံပါတ်၈ကို ဝတ်ဆင်ဖို့ စီစဉ်ထားပါတယ်။

Exit mobile version