ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတသင်းဖြစ်တဲ့ မန်စီးတီးအသင်းကတော့ နွေရာသီ အပြောင်းအရွှေ့ မရောက်မီမှာပဲ အသင်းအတွက် ဒုတိယမြောက် အားဖြည့်မှုအဖြစ် ဘရာဇီးလ်ကလပ်ဖြစ်တဲ့ ဖလူမီနီးစ်အသင်းရဲ့ လူငယ် ကွင်းလယ်ခံစစ် ကစားသမားဖြစ်သူ မီတင်ဟိုကို ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် တဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖလူမီနီးစ်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ကေကီကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ကေကီဟာ နေမာလက်သစ်လို့ နာမည်ကြီးတဲ့ လူငယ်ကြယ်ပွင့် တဦးလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

 

ရိုမာနိုရဲ့ အဆိုအရတော့ မန်စီးတီးအသင်းဟာ လူငယ် ကွင်းလယ်ခံစစ် ကစားသမားဖြစ်သူ မီတင်ဟိုကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး မီတင်ဟိုဟာ ကနဦးမှာ မန်စီးတီးအသင်းထံ ရောက်လာဦးမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ မီတင်ဟိုဟာ ဖလူမီနီးစ်အသင်းရဲ့ အသင်းကြီးမှာ ပါဝင်ကစားခွင့် မရသေးတဲ့ ကစားသမားတဦး ဖြစ်ပေမယ့် မန်စီးတီးအသင်းရဲ့ ကင်းထောက်တွေဟာ သူ့ရဲ့ တိုးတက်လာနိုင်တဲ့ ခြေစွမ်းပိုင်းကို သတိထားမိတာကြောင့် အခုလို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ကြောင်း မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြားထားကြပါတယ်။

Photo Credit: ESPN

မီတင်ဟိုဟာ မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ ဘောလုံးအုပ်စုနဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး ကနဦးမှာ ထရိုရက်စ်အသင်းထံ အငှားနဲ့ သွားရောက် ကစားဖွယ်ရှိကြောင်း ရိုမာနိုက ဆိုပါတယ်။ လက်ရှိ မန်စီးတီးအသင်းမှာ ဂိုးသမားဖြစ်သူ အီဒါဆန် ၊ ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ဖာနန်ဒင်ဟို ၊ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်တို့ဟာ ဘရာဇီးလ် ကစားသမားတွေ ဖြစ်တာကြောင့် ကေကီ ၊ မီတင်ဟိုတို့လို လူငယ် ကစားသမားတွေ အတွက် မန်စီးတီးအသင်းမှာ အထိုင်ကျဖို့ဟာ လွယ်ကူမှာ ဖြစ်ပြီး ဖာနန်ဒင်ဟိုနဲ့ ကစားတဲ့ နေရာချင်းတူတဲ့ မီတင်ဟိုဟာ မန်စီးတီးအသင်းမှာ တောက်ပလာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။