ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားကြီး(၂)ဦးဖြစ်တဲ့ ရော်ဘင်နဲ့ရစ်ဘာရီတို့နဲ့ လက်တွဲဖြုတ်လိုက်ရပြီးနောက်ပိုင်းကတည်းက ဒီကစားသမားတွေရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် မန်စီးတီးအသင်းရဲ့ ဂျာမန်တောင်ပံကစားသမားလေး လီရွိုင်းဆာနေးကို ခေါ်ယူဖို့အတွက် အထူးစိတ်ဝင်စားခဲ့ပြီး ကမ်းလှမ်းမှုပေါင်းများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း မန်စီးတီးဘက်ကနေ သူတို့ကစားသမားရောင်းထုတ်ဖို့ အကြိမ်ကြိမ်ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့က အပြီးသတ်မဖြစ်လာခဲ့ရတာဖြစ်ပြီး အခုလက်ရှိမှာတော့ ဆာနေးရဲ့အပြောင်းအရွှေ့က ပုံစံတစ်မျိုးနဲ့ ဖြစ်မြောက်လာဖွယ်ရှိနေပါတယ်။

Photo Credit : Transfermarket

မန်စီးတီးအသင်းက သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အသင်းကနေ မထွက်ခွာစေချင်ပေမယ့်လည်း တကယ်လို့ ဘိုင်ယန်မြူးနစ်ဘက်ကနေသာ ဆာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ခန့်အပြင် အသင်းရဲ့သြစတြီးယားလက်ရွေးစင်နောက်ခံလူ အလာဘာကိုပါ အလိုက်ပေးကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ လက်ခံဖွယ်ရှိနေပါတယ်။ အလာဘာနဲ့ မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာတို့နှစ်ယောက်ဟာ ဂွာဒီယိုလာ ဘိုင်ယန်ကို ကိုင်တွယ်ခဲ့စဉ်တုန်းက ဆရာတပည့်အဖြစ် လက်တွဲလုပ်ကိုင်ခဲ့ဖူးတာဖြစ်ပြီး အလာဘာကို ဘိုင်ယန်စီနီယာအသင်းမှာ နေရာပေးခဲ့တာကလည်း ဂွာဒီယိုလာကိုယ်တိုင်ပဲဖြစ်ပါတယ်။

Photo Credit : The Sun

ဆာနေးရဲ့လက်ရှိတန်ကြေးကတော့ ပေါင်သန်း(၁၃၀)လောက်အထိကို ရှိနေတာဖြစ်ပြီး ဘိုင်ယန်အနေနဲ့ကလည်း ဆာနေးရဲ့တန်ကြေးအတိုင်း ကမ်းလှမ်းဖို့ဆန္ဒမရှိတာကြောင့် သူတို့ရဲ့ကစားသမားတစ်ယောက်ကို စတေးရဖွယ်ရှိနေပါတယ်။ အခု ဆာနေးရဲ့အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးတစိတ်တပိုင်း ပါဝင်ရဖွယ်ရှိနေတဲ့ အသက်(၂၇)နှစ်အရွှယ် နောက်ခံကစားသမား ဒေးဗစ်အလာဘာ ၂၀၀၈ခုနှစ်ကတည်းက ဘိုင်ယန်လူငယ်အသင်းဆီကို စတင်ပူးပေါင်းခဲ့သူဖြစ်ကာ ဘယ်နောက်ခံနေရာမှာ ကစားတတ်သူဖြစ်ကာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ကျော်ကြားလှတဲ့ ကြယ်ပွင့်တစ်ပွင့်လည်းဖြစ်ပါတယ်။ ဘိုင်ယန်ကလည်း သူတို့ကြယ်ပွင့်ကို အသင်းကနေ လက်မလွတ်ချင်ပေမယ့် ဆာနေးကိုလည်း အသည်းအသန်အလိုရှိနေတာမို့ အလာဘာကို မန်စီးတီးအသင်းဆီ ပို့ဆောင်ဖွယ်ရှိနေပါတယ်။