ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်း အတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်သူ မက်ဆီကို လက်လွှတ် ဆုံးရှုံးရပြီးနောက် အသင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာအသင်းဟာ မန်ချက်စတာ စီးတီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက စိတ်ဝင်စားခဲ့တာပါ။

Photo Credit: SPORT

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမား စတာလင်းဟာ ဂွာဒီယိုလာရဲ့ လက်ထက်မှာ မန်ချက်စတာ စီးတီးအသင်း အတွက် သွင်းဂိုး အများဆုံးကို သွင်းယူပေးထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်လာရတာကြောင့် နောက်ပိုင်းမှာ ပုံမှန် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရသူလည်း ဖြစ်ပါတယ်။

စတာလင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ အထိ ပါဝင် ကစားခွင့် ရထားပေမယ့် ကစားရတဲ့ ပွဲစဉ်အများစုမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခဲ့ရတာကြောင့် လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ အသင်းကို စွန့်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: SPORT

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ အတွက် စတာလင်းကို ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး စတာလင်းကို ရောင်းချရာကနေ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း အလိုရှိနေကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ စတာလင်းကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ခေါ်ယူနိုင်ဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ရာသီဝက် အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ မဖြစ်မနေ ခေါ်ယူပါ့မယ် ဆိုတဲ့ အချက်နဲ့ ကမ်းလှမ်းမှု ပြုလုပ်နိုင်ကြောင်း ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။