မန်စီးတီးအသင်းကတော့ လာမယ့်ဘောလုံးရာသီအတွင်း ဆုဖလားအောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် အသင်းရဲ့အဓိကလိုအပ်ချက်ဖြစ်လို့နေတဲ့ ခံစစ်ပိုင်းကို ဦးစားပေး ပြန်လည်ပြင်ဆင်လို့နေပြီး ဒီနွေစျေးကွက်အတွင်းမှာပဲ ဘုန်းမောက်အသင်းနဲ့ နယ်သာလန်နောက်ခံကစားသမား နာသန်အကီကို ခေါ်ယူထားနိုင်ခဲ့ကာ နောက်ထပ်ဗဟိုခံစစ်ကစားသမားတစ်ယောက်အဖြစ် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နောက်ခံလူ ဟိုဆေးဂျီမီနက်ဇ်ကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Metro

မန်စီးတီးအသင်းဟာ အသင်းရဲ့ နောက်ခံလူဟောင်းကြီးဖြစ်တဲ့ ဗင်းဆင့်ကွန်ပနီရဲ့နေရာကို ပြန်လည်အစားထိုးနိုင်မယ့် အရည်အသွေးမြင့် ခံစစ်ကစားသမားတစ်ယောက်ကို ရှာဖွေနေလျက်ရှိရာ နာပိုလီအသင်းရဲ့ ဆီနီဂေါနောက်ခံလူ ကူလီဘလီကို စတင်ပစ်မှတ်ထားလာမိခဲ့တာကြောင့် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း နာပိုလီအသင်းဘက်ကတော့ မန်စီးတီးရဲ့ ပေါင်(၆၅)သန်းတန် ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းဟာ ကူလီဘလီကို လက်လျှော့ပြီး အသက်လက်တီကိုရဲ့ ခံစစ်ကစားသမား ဟိုဆေးဂျီမီနက်ဇ်ကို ကမ်းလှမ်းလာဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : The Times

အသက်(၂၅)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဗဟိုခံစစ်ကစားသမား ဟိုဆေးဂျီမီနက်ဇ်ဟာ အသက်လက်တီကိုအသင်းရဲ့အဓိကနောက်ခံလူတစ်ယောက်ဖြစ်သလို ကွင်းလယ်လူကိုကီနဲ့ ဂိုးသမားအော့ဘလက်တို့ရဲ့နောက် အသင်းရဲ့တတိယအသင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။ နည်းပြဒီယေဂိုဆီမြွန်နီရဲ့ ခံစစ်အသားပေးကစားဟန်ရဲ့အောက်မှာ တဖြည်းဖြည်းတောက်ပလာခဲ့တဲ့သူ့ကို ဥရောပထိပ်သီးအသင်းတွေကလည်း မျက်စိကျနေလျက်ရှိပြီး ချယ်လ်ဆီးအသင်းကလည်း သူတို့အသင်းရဲ့အားနည်းနေတဲ့ ခံစစ်ပိုင်းအတွက် ဂျီမီနက်ဇ်ကို ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် အသက်လက်တီကိုဘက်က ပယ်ချခဲ့ပါတယ်။ အသက်လက်တီကိုအသင်းကတော့ သူတို့ရဲ့အဓိကကြယ်ပွင့်ဖြစ်တဲ့ ဟိုဆေးဂျီမီနက်ဇ်ကို စာချုပ်လျော်ကြေးအဖြစ် ပေါင်(၁၀၉)သန်းအထိ စာချုပ်ချုပ်ဆိုထားခဲ့သလို စာချုပ်သက်တမ်းကလည်း (၃)နှစ်တောင် ကျန်ရှိနေသေးတာဖြစ်လို့ ဒီကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၉၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာရနိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ ဂျီမီနက်ဇ်ကို ပေါင်(၆၂)သန်းနဲ့သာ စတင်ကမ်းလှမ်းသွားခဲ့ရာမှာ အသက်လက်တီကိုဘက်ကနေ ပယ်ချထားခဲ့ပေမယ့်လည်း မန်စီးတီးဘက်ကနေ နောက်တစ်ကြိမ်ကမ်းလှမ်းမှုတွေကို ဆက်တိုက်ထပ်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။