မန်ချက်စတာမြို့ခံအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ကွင်းအတွင်း ကွင်းအပြင် ပြိုင်ဆိုင်မှုတွေ အားပြိုင်မှုတွေ ဆက်တိုက်ရှိခဲ့ရပြီး ကစားသမားသစ် ခေါ်ယူမှုတွေမှာလည်း အပြိုင်အဆိုင် ကြိုးပမ်းကြတဲ့ ဒါဘီအသင်းတွေလည်း ဖြစ်ကြပါတယ်။ အခုလည်း ယူနိုက်တက်အသင်းရဲ့ လာမယ့်နွေစျေးကွက်အတွင်း အဓိကပစ်မှတ်ဖြစ်တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို မန်စီးတီးအသင်းကနေပါ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး ဝါရင့်ကစားသမားကြီး ဖာနန်ဒင်ဟိုရဲ့နေရာမှာ အစားထိုးသွားချင်နေပါတယ်။

Photo Credit : Ruetir

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့်ကစားသမား ဒက်ကလန်ရိုက်စ်ကို ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအပါအဝင် ယူနိုက်တက် မန်စီးတီးအသင်းတွေကနေ ပစ်မှတ်ထားခဲ့ပေမယ့် ဝက်စ်ဟမ်းဘက်က သူတို့ကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းနေတာကြောင့် အရခေါ်ယူဖို့ ခဲယဉ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်စ်ကို လက်ရှိမှာ ယူနိုက်တက်အသင်းကနေ လာမယ့်နွေစျေးကွက်အတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေချိန် ယူနိုက်တက်အသင်းနဲ့အပြိုင် မြို့ခံမန်စီးတီးအသင်းကလည်း ရိုက်စ်ကို အပြိုင်ခေါ်ယူဖို့ စတင်ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : The Sun

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ဘရာဇီးလ် ဝါရင့်ကွင်းလယ်ကစားသမားကြီးဖြစ်သူ ဖာနန်ဒင်ဟိုကို အသင်းကနေ ထွက်ခွာခွင့်ပေးဖွယ် ရှိနေတာကြောင့် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဒက်ကလန်ရိုက်စ်လို ငယ်ရွှယ်ပြီး အရည်အသွေးပြည့်ဝတဲ့ ကွင်းလယ်ကစားသမားမျိုးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ဒီရာသီမှာ အသင်းအတွက် အရေးပါတဲ့ သွင်းတွေကို ဖန်တီးပေးနေတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို နောက်ထပ်စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းရာမှာ အောင်မြင်မှု မရှိခဲ့ရင် ရိုက်စ်ကို အရခေါ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒက်ကလန်ရိုက်စ် ကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းအသင်းနဲ့ လမ်းခွဲချင်နေပြီး သူ့ကို အလိုရှိ်နေတဲ့ ကလပ်အသင်းကြီးတွေထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ စာချုပ်သစ် ကမ်းလှမ်းထားမှုကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။ ဒါကြောင့် ရိုက်စ်အနေနဲ့ လာမယ့်နွေစျေးကွက်မှာ ယူနိုက်တက်နဲ့ မန်စီးတီး ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။