လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမား တဦး ဖြစ်သူ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်ကို သုံးစွဲဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၀သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ဟယ်ရီကိန်းကို ခေါ်ယူရာမှာ ပေါင် ၁၇၀သန်းတန် ကမ်းလှမ်းမှု တရပ်ကို ပြုလုပ်ဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားပါတယ်။

Photo Credit: Football London

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်၁၅၀သန်း ပေးချေရမယ်လို့ ယတိပြတ် ပြောကြားထားပြီး မန်ချက်စတာ စီးတီးအသင်း ကတော့ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း + ပေါင် ၅၀သန်း ဝန်းကျင် တန်ကြေး ရှိတဲ့ ကစားသမား တဦးကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်း အတွက် ရွေးချယ်စရာ ကစားသမား ၅ဦး ပေးထားပြီး အဆိုပါ ကစားသမားတွေ ကတော့ ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ၊ စပိန်နောက်ခံလူ လာပေါ့တ် ၊ ပြင်သစ် နောက်ခံလူ မန်ဒီ ၊ ဘရာဇီးလ် တိုက်စစ်မှူး ဂျီးဆပ်နဲ့ အင်္ဂလန် တောင်ပံ ကစားသမား စတာလင်းတို့ ဖြစ်ပါတယ်။

Photo Credit: Football London

စပါးအသင်းက အဆိုပါ ကစားသမား ၅ဦးထဲက တဦးကို ခေါ်ယူဖို့ ရွေးချယ်ခွင့် ရှိမှာ ဖြစ်ပြီး စတာလင်း ၊ ဘာနာဒို ဆေးလ်ဗားနဲ့ လာပေါ့တ်တို့ကို စပါးအသင်းက ရွေးချယ်နိုင်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းထောက်တွေက ဆိုပါတယ်။

စတာလင်း ၊ ဘာနာဒို ဆေးလ်ဗားနဲ့ လာပေါ့တ်တို့ဟာ ကာလတန်ကြေး ပေါင်၅၀သန်း ဝန်းကျင် ရှိကြတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ပေါင် ၁၂၀သန်း + ကစားသမား တဦး ဆိုတဲ့ ပမာဏဟာ စပါးအသင်းဘက်က လက်ခံနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ မန်ချက်စတာ စီးတီးအသင်းက ယူဆထားပြီး အကယ်၍ စပါးကသာ မန်ချက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါက အပြောင်းအရွှေ့ဟာ ရက်ပိုင်း အတွင်း အပြီးသတ်နိုင်ဖွယ် ရှိပါတယ်။