မန်ချက်စတာ စီးတီးအသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးလ်အသင်းဆီ လွှဲပြောင်းပေးရဖို့ အခြေအနေ အရမ်းများနေပေမယ့် လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဖရန့်ဖတ် တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်ကိုတော့ ကြားဖြတ် ခေါ်ယူသွားနိုင်ဖို့ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။

လက်ရှိ မန်စီးတီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟာလန်း ဖိုဒန် ဒိုကူ ဂရီးလစ်ရှ် ဆာဗင်ဟို ဘော့ဘ်တို့ ရှိနေပေမယ့်လည်း အထောင်တိုက်စစ်မှာက ဟာလန်း တစ်ဦးတည်းသာ ရှိနေတာကြောင့် ဟာလန်း ခြေစွမ်းမပြနိုင်တဲ့ ပွဲတွေမှာ ကစားသမား အပြောင်းအလဲ လုပ်ဆောင်ဖို့က ခက်ခဲသလို ဟာလန်းကို အနားပေးဖို့ကလည်း မလွယ်ကူသလို ဖြစ်နေရပါတယ်။

Photo Credit : Bavarian Football Works

ဒါကြောင့် မန်စီးတီးက အသင်းရဲ့ အထောင်တိုက်စစ်နေရာအတွက် ကစားသမား ဖြည့်တင်းဖို့ စီစဉ်လာခဲ့ပြီး လတ်တလောမှာ တိုက်စစ်မှူး တော်တော်များများနဲ့ သတင်းထွက်ပေါ်နေသလို ဒီကစားသမားတွေထဲမှာ လီဗာပူးလ် ပစ်မှတ်ထားနေတဲ့ အီဂျစ်တိုက်စစ်မှူး မာမွတ်ရှ်လည်း ပါဝင်လာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မာမွတ်ရှ်ဟာ ၂၀၂၁ကတည်းက ဂျာမန် ဘွန်ဒက်စ်လီဂါမှာ ကျင်လည်နေခဲ့တာဖြစ်ပြီး အထောင်တိုက်စစ်နေရာ ဘယ်ညာတောင်ပံနှစ်ဖက်လုံးပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဒီရာသီထဲမှာတော့ မာမွတ်ရှ်က ဖရန့်ဖတ်အတွက် (၁၈)ဂိုးသွင်းပြီး (၁၂)ဂိုး ဖန်တီးပေးထားနိုင်ပါသေးတယ်။

Photo Credit : ESPN

ပြိုင်ပွဲစုံမှာ ဖရန့်ဖတ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ထားနိုင်တဲ့ မာမွတ်ရှ်ကို လီဗာပူးလ် အပါအဝင် အာဆင်နယ် မန်ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ်တို့ကပါ စိတ်ဝင်စားလာခဲ့ရာ အခုလက်ရှိ မန်စီးတီးကလည်း သူတို့ရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်အတွက် မာမွတ်ရှ်ကို ခေါ်ယူချင်လာခဲ့ပါတယ်။

ဒါပေမယ့် မာမွတ်ရှ်ရဲ့ လက်ရှိတန်ကြေးက ယူရို သန်း(၆၀)လောက်အထိ ရှိနေတဲ့အပြင် ၂၀၂၇ခုနှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ မာမွတ်ရှ်ကိုလည်း ဖရန့်ဖတ်ဘက်က စိတ်ကြိုက် ဈေးခေါ်နိုင်တဲ့ အနေအထားမှာလည်း ရှိနေပါတယ်။ ဒါ့အပြင် မန်စီးတီးက မာမွတ်ရှ်ထက် ရိုဒရီနေရာ အစားဝင်နိုင်မယ့် ကွင်းလယ်လူ တစ်ဦးကိုသာ ဦးစားပေး ခေါ်ယူသွားရနိုင်ပါတယ်။