ဒီနှစ်ဘောလုံးရာသီအကုန်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်နောက်ခံကစားသမားကြီး ဗာတွန်ဂန်ဟာ စပါးနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ကစားတော့မှာဖြစ်လို့ သူ့ကို ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေကြပြီး လတ်တလောမှာလည်း မန်စီးတီးအသင်းကပါ ဗာတွန်ဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဗာတွန်ဂန်ဟာ ဥရောပ အတွေ့အကြုံရင့် နောက်ခံလူတစ်ယောက်ဖြစ်ပြီး စပါးအသင်းမှာလည်း ပရီးမီးယားလိဂ် ပွဲပေါင်း(၂)ရာကျော်လောက်အထိ ပါဝင်ကစားထားခဲ့ဖူးသူဖြစ်ပါတယ်။ စပါးက အသင်းရဲ့ အမာခံကစားသမားဖြစ်တဲ့ ဗာတွန်ဂန်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကိုသာ ရွေးချယ်ခဲ့တာဖြစ်လို့ ပရီးမီးယားလိဂ် ရာသီသိမ်းတာနဲ့ စပါးနဲ့ လမ်းခွဲတော့မှာဖြစ်ပါတယ်။

Photo Credit : Teamtalk

ဗာတွန်ဂန်လို နောက်ခံကစားသမားမျိုးကို အလိုရှိနေတဲ့ ကလပ်အသင်းတွေ များစွာရှိနေတဲ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကပဲ ရိုးမားအသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်ဆိုပြီး ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ အခုလည်း ပရီးမီးယားလိဂ် ချန်ပီယံဟောင်းအသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး Shock သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ မန်စီးတီးက ဒီနှစ်ဘောလုံးရာသီမှာ ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် ရမှတ်တွေကို ဆုံးရှံးခဲ့ရတဲ့အတွက် လာမယ့်ရာသီမှာ ခံစစ်ပိုင်းကို အဓိကထား ပြုပြင်သွားချင်နေပြီး နာပိုလီခံစစ်မှူး ကူလီဘလီ အဲဗာတန်နောက်ခံလူ ဟိုးဂိတ်တို့ကို ပစ်မှတ်ထားနေလျက်ရှိတဲ့အပြင် ရေတိုစီမံကိန်းအနေနဲ့ ဗာတွန်ဂန်ကိုပါ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းက လာမယ့်စျေးကွက်အတွင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ အော်တာမန်ဒီတို့ကို အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိနေတဲ့အပြင် လူငယ်နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာမှာလည်း အသင်းဟောင်း ဘာစီိလိုနာအသင်းရဲ့ ပြန်လည်ခေါ်ယူချင်နေတာကြောင့်မို့ ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ဟန်ပြင်နေတာဖြစ်ပါတယ်။