မနေ့ညက ကျင်းပခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဧည့်သည်မန်စီးတီးအသင်းက နောက်ကနေလိုက်ကစားခဲ့ရင်းနဲ့ ပဲရစ်မြေမှာ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တာကြောင့် ဗိုလ်လုပွဲကို တတ်လှမ်းနိုင်ဖို့က အခြေအနေကောင်းသွားခဲ့ရပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာကတော့ ဒုတိယအကျော့ ဆက်လက်ကစားရဦးမှာဖြစ်လို့ အသင်းသားတွေအနေနဲ့ အပြည့်အဝ အာရုံစိုက်ထားဖို့ လိုအပ်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသင်းရဲ့သမိုင်းတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ဒုတိယအကြိမ်အဖြစ် တတ်လှမ်းလာခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ကြိမ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲကိုပါ တစ်ခါတည်း တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းကလည်း ဒီရာသီ ချန်ပီယံလိဂ်မှာ အဝေးကွင်းပွဲစဉ်တွေအတွင်း ဘိုင်ယန်မြူးနစ် ဘာစီလိုနာ မန်ချက်စတာယူနိုက်တက်တို့လို ထိပ်တန်းအသင်းတွေကို အနိုင်ယူထားတာမို့ ဒုတိယအကျော့ကိုလည်း သေချာအာရုံစိုက်ထားရမယ်လို့ ဂွာဒီယိုလာက ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Sport Mole

ဂွာဒီယိုလာက “ဒုတိယအကျော့က မတူကွဲပြားတာတွေ ဖြစ်လာလိမ့်မယ်ဆိုတာကို ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယာ်။ ဘာကြောင့်လဲဆိုတော့ မာရီစီယိုပိုချက်တီနိုက ဒီပွဲကို ကြည့်ရှုပြီး အသေအချာ လေ့လာနိုင်ခဲ့လို့ပါပဲ။ ကျွန်တော်တို့ကလည်း ဒီပွဲမှာ များစွာလေ့လာထားနိုင်ခဲ့တာဖြစ်လို့ လာမယ့်ပွဲမှာ ပိုပြီးကျစ်ကျစ်လစ်လစ် ဖြစ်နေအောင် တိုက်စစ်ကို ပိုလိုက်ပါ ကစားနိုင်အောင် လုပ်ဆောင်သွားမှာပါ။ အခုက အနားယူနေရပါတယ်။ ကစားသမားတွေကလည်း ပွဲအပြီးမှာ အားလုံးတည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နေကြတာကို မြင်တွေ့ရတော့ ကျွန်တော်ပျော်ရွှင်မိပါတယ်။ အခုက အောင်ပွဲခံနေရမှာ မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်လေးနဲ့သာ ရှိနေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒုတိယအကျော့မှာ ဘာမဆို ဖြစ်လာနိုင်သေးတယ်ဆိုတာကို ကျွန်တော်တို့ သိထားလို့ပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ခါရာဘောင်းလိဂ်ဖလားပြိုင်ပွဲအတွင်း စပါးကို အနိုင်ယူပြီး ဗိုလ်စွဲထားခဲ့သလို ပရီးမီးယားလိဂ်ဘက်မှာလည်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့က အခြေအနေ အကောင်းဆုံးဖြစ်လို့ပါတယ်။