ယခုရက်ပိုင်းမှာတော့ ဥရောပဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFAက အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်းကို FFP ဘဏ္ဏာရေးစည်းမျဉ်းအား ချိုးဖောက်ခဲ့မှုကြောင့် ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှစ်ရာသီ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပြဿနာဟာ ဘောလုံးလောကကို အတော်လေး ဂယက်ရိုက် သွားစေပါတယ်။

Photo Credit: Express.com

မန်စီးတီးအသင်းဟာ ၂၀၁၆ခုနှစ်ဝန်းကျင် မှာ အမှန်တကယ်မရှိတဲ့ စပွန်ဆာစာချုပ်တွေကို တင်သွင်းကာ အသင်းရဲ့ ဝင်ငွေကို များပြားလာအောင် လုပ်ဆောင်ပြီး UEFAရဲ့ FFP စည်းမျဉ်း ကို ချိုးဖောက်ခဲ့တာပါ။ အဆိုပါကိစ္စရပ်နဲ့ ပတ်သတ်ပြီး UEFA က ကာလရှည်ကြာအောင် စုံစမ်းခဲ့ပြီး နောက်ဆုံးမှာတော့ နှစ်ရာသီကြာအောင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်စီရင်ခဲ့တာပါ။

Photo Credit: Express.com

အဆိုပါကိစ္စရပ်နဲ့ ပတ်သတ်ပြီး မန်စီးတီး အသင်းရဲ့ နည်းပြဂွာဒီယိုလာဟာ ရာသီကုန်ရင် အသင်းပြောင်းဖို့ရှိနေတယ်လို့ ကျွမ်းကျင်သူတွေကရော ၊ ပရိသတ်တွေကပါ သုံးသပ်ထားကြပါတယ်​။ ဒါပေမယ့် မန်စီးတီးအသင်းရဲ့ ကစားသမားတွေဟာလဲ အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းကာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိကြောင်း အားကစားရှေ့နေများက ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express.com

နာမည်ကြီးအားကစားရှေ့နေတစ်ဦးဖြစ်သူ John Mehrzadရဲ့ သုံးသပ်မှုအရ မန်စီးတီး အသင်းရဲ့ ကစားသမားတွေဟာ ယခု ပြစ်ဒဏ် ကြောင့် မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ဆိုစဉ်မှာ ရှိခ​ဲ့တဲ့ ယုံကြည်မှုတွေ ပျက်ပြားသွားတယ်လို့ ဆိုကာ စာချုပ်ဖျက်သိမ်းနိုင်ကြောင်းနဲ့ ဗြိတိန်နိုင်ငံရဲ့ ဥပဒေအရ ကစားသမားတွေဘက်က စတင်ပြီး စာချုပ်ဖျက်သိမ်းဖို့လုပ်ဆောင်ရင် ပိုမို လွယ်ကူဖွယ်ရှိတယ်လို့ သိရှိရပါတယ်။