အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး တစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ရှိတ်မန်ဆော်ဟာ သက်တမ်းအရင့်ဆုံး အက်ဖ်အေ ဆုဖလားကို ပေါင် ၇၆၀,၀၀၀ နဲ့ တိတ်တဆိတ် ဝယ်ယူခဲ့တယ်လို့ Sportsmail သတင်းဌာနကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဝက်စ်ဟမ်း အသင်းရဲ့ တွဲဖက်ပိုင်ရှင် ဖြစ်သူ ဒေးဗစ်ဂိုးဒ်က အဆိုပါ ဆုဖလားကို ရောင်းချဖို့အတွက် မနှစ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီးတော့ ၁၈၉၆ နဲ့ ၁၉၁၀ အကြား အသုံးပြုခဲ့တဲ့ ဆုဖလားဟာ ဗြိတိန်နိုင်ငံကနေ ပျောက်ကွယ်သွားနိုင်တယ် ဆိုပြီးတော့လည်း စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ အဆိုပါ ဆုဖလားဟာ ဒုတိယအကြိမ်မြောက် ထုတ်လုပ်ထားတဲ့ ဆုဖလားလည်း ဖြစ်ကာ အနုပညာ ကောင်စီကနေလည်း နိုင်ငံတကာ သမိုင်းဝင် အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ရှိတ်မန်ဆော် အနေနဲ့ အဆိုပါ ဆုဖလားကို စက်တင်ဘာလ လောက်က လေလံပွဲမှာ ဝယ်ယူခဲ့တာ ဖြစ်ပြီးတော့ မန်စီးတီး အသင်းက ဆုဖလားကို အမျိုးသား ဘောလုံးပြတိုက်ကို အကန့်အသတ် မရှိနဲ့ ငှားရမ်းသွားမှာ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီးအသင်း ကတော့ အက်ဖ်အေ ဖလားကို ၁၉၀၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ရရှိခဲ့တာ ဖြစ်ပြီးတော့ အသင်းအတွက် အလွန်အရေးပါတဲ့ အမှတ်အသားတစ်ခု ဖြစ်ခဲ့ပါတယ်။ မန်စီးတီး အသင်းရဲ့ ရှယ်ယာဝင် တစ်ဦး ဖြစ်တဲ့ ခါလ်ဒွန်းအယ်လ် မူဘာရက် က “ ဒီဆုဖလားက မန်ချက်စတာ စီးတီးနဲ့ မတိမ်းမယိမ်း ဆက်နွယ်နေပြီးတော့ ချမ်းသာကြွယ်ဝပြီး ရှည်လျားလှတဲ့ အင်္ဂလိပ် ဘောလုံးသမိုင်းရဲ့ ပြယုဒ်တစ်ခုပါပဲ။ ဆုဖလား ကို ၁၉၀၄ ခုနှစ်မှာ ရခဲ့တာဟာ အသင်းအတွက်ကော မန်ချက်စတာမြို့ အတွက်ကော အလှည့်အပြောင်း တစ်ခု ဖြစ်စေခဲ့ပါတယ်။ ရှိတ်မန်ဆော်ရဲ့ အတွေးကတော့ အခုလို ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတစ်ခုကို မန်ချက်စတာက လူတွေနဲ့ အင်္ဂလိပ်ဘောလုံး အသိုင်းအဝိုင်းက လူတွေနဲ့ အတူ မျှဝေဖို့ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit: Standard

အမျိုးသားဘောလုံးပြတိုက်ဟာ ၂၀၁၂ ခုနှစ်မှာ ပြတိုက် ကို မန်ချက်စတာဆီ မရွှေ့ခင် အချိန်ထိ အဆိုပါ ဆုဖလားကို ပရက်စတန် နော့အန့်အသင်းရဲ့ ကွင်းမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ်မှာတော့ ဖယ်ရှားခံခဲ့ရပြီး လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ဘာမင်ဂမ်စီးတီးမှာ ထိန်းသိမ်းခဲ့ရသလို အလားတူ အခြေအနေမျိုးနဲ့ မကြုံရအောင် ဒေးဗစ်ဂိုးဒ်က ပေါင် ၄၇၈,၀၀၀ နဲ့ ကယ်တင်ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ ပြန်ရောင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ရှိတ်မန်ဆော်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ဘောလုံးပြတိုက်ရဲ့ အလုပ်အမှုဆောင် အကြီးအကဲဖြစ်သူ တင် ဒက်စ်မွန်ဒ် ကတော့ “ ကျွန်တော်တို့ ဒီဆုဖလားကို နောက်တစ်ကြိမ် ထပ်မမြင်ရတော့မှာကို စိုးရိမ်နေခဲ့တာပါ။ အဲ့ဒီ ဆုဖလားကို ရှိတ်မန်ဆော်က ဝယ်ပြီးတော့ ကျွန်တော်တို့ကို ပြန်ကမ်းလှမ်းတာက ဒီနိုင်ငံမှာ ကျွန်တော်တို့ရဲ့ အားကစား အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် အံ့ဩစရာ ကောင်းတဲ့ သတင်းတစ်ပုဒ်ပါပဲ။ အံ့ဩစရာကောင်းတဲ့ အရာတွေကို ပြသထားနိုင်တဲ့ အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီသက်တမ်းအရင့်ဆုံး အက်ဖ်အေ ဆုဖလား ကတော့ ကျွန်တော်တို့ရဲ့ ရှေးဟောင်း ပစ္စည်းတွေထဲမှာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။