မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်နွေမှာ အင်္ဂလန်ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့သလို ဘယ်လင်ဟမ်ကို အပြိုင်စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲမှာတော့ မန်စီးတီးက အခြေအနေ အကောင်းဆုံး ဖြစ်နေရတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဆယ်ကျော်သက်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားလေး ဘင်လင်ဟမ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး သူ့ကိုလည်း ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီး မန်ယူနိုက်တက်တို့က အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပါတယ်။ ဥရောပရဲ့ အလားအလာ အကောင်းဆုံး လူငယ် ဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘယ်လင်ဟမ်ဟာ အခုလို အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့တာကြောင့် လာမယ့်နှစ်မှာ အသင်းအပြောင်းအလဲ လုပ်ဆောင်လာဖွယ် ရှိနေနိုင်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

Photo Credit : Manchester Evening News

ဘာမင်ဂမ်စီးတီးအသင်းရဲ့ ကစားသမားဟောင်း ဘယ်လင်ဟမ်ဟာ ၂၀၂၀ခုနှစ်မှာပဲ ဘာမင်ဂမ်ကနေ ဘွန်ဒစ်လီဂါ ထိပ်တန်းကလပ် ဒေါ့မွန်အသင်းဆီ ရောက်ရှိလာခဲ့ရပြီး ပထမဆုံး ဘောလုံးရာသီမှာပဲ ပွဲပေါင်း(၄၆)ပွဲအထိ ကစားခွင့်ရခဲ့သလို (၂)ရာသီခွဲနီးပါးလောက်သာ ကစားထားရပြီးချိန်မှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ (၁၁၁)ပွဲတောင် ကစားထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း သွင်းဂိုး (၉)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ကို ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး လာမယ့်နွေမှာ အရ ခေါ်ယူဖို့ကိုလည်း အပြိုင်အဆိုင် ဖြစ်လာခဲ့ပါတယ်။ Daily Mail သတင်းစာရဲ့ ဖော်ပြချက်တွေအရ ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲကမှ မန်စီးတီးအသင်းဟာ ကစားသမားအေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြလာခဲ့ပြီး စီးတီးမှာကလည်း ဘယ်လင်ဟမ်ရဲ့ ဒေါ့မွန်အသင်းဖော်ဟောင်း ဟာလန်းပါ ရှိနေတာဖြစ်လို့ ဘယ်လင်ဟမ်နဲ့ စီးတီးတို့ရဲ့ အပြောင်းအရွှေ့က ဖြစ်လာနိုင်ခြေ မြင့်မားနေရပါတယ်။ ဒါပေမယ့် လက်ရှိမှာတောင် ပေါင်သန်း(၁၃၀)လောက်အထိ တန်ကြေးရှိနေတဲ့ ဘယ်လင်ဟမ်ဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပိုမိုပြီး တန်ကြေး မြင့်တတ်သွားဖွယ်ပါ ရှိနေရပါတယ်။