ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ ဘရာဇီးလ် နာမည်ကြီးကလပ် မင်နဲရိုးနဲ့အတူ တောက်ပနေတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဆာဗင်ဟို အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်လိုက်ကြောင်း သိရပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဆာဗင်ဟိုဟာ ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်ပြီး ဘရာဇီးလ်သား တဦး ဖြစ်တာကြောင့် ဘောလုံးစကေးပိုင်း ကောင်းမွန်သလို ပြိုင်ဘက် ခံစစ်ကြောင်းထဲ တိုးဝင်တတ်တဲ့ ကစားပုံနဲ့အတူ နာမည်ကျော်လာသူပါ။

Photo Credit: Standard

ဆာဗင်ဟိုဟာ ဘယ်တောင်ပံတိုက်စစ်နဲ့ ညာတောင်ပံတိုက်စစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိပြီး ဘရာဇီးလ်ချန်ပီယံ မင်နဲရိုးမှာ ပွဲထွက်ခွင့် ရတဲ့ အထိ သူ့ရဲ့ ခြေစွမ်းပိုင်းနဲ့ ကစားပုံက အတော်လေး ကောင်းမွန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ ကင်းထောက်တွေဟာ ဆာဗင်ဟိုကို ပြီးခဲ့တဲ့ ဘရာဇီးလ် ဘောလုံးရာသီထဲက စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန်ချက်စတာ စီးတီးက ဆာဗင်ဟိုရဲ့ အပြောင်းအရွှေ့ အတွက် မင်နဲရိုးနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးဟာ ဆာဗင်ဟို အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆.၅သန်း + အပိုဆုကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး မင်နဲရိုးကလည်း မန်ချက်စတာ စီးတီးနဲ့ တရားဝင် လက်ခံ ဆွေးနွေးနေကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးဟာ ဆာဗင်ဟိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ရင် သူ့ကို အသင်းဆီ တိုက်ရိုက် ခေါ်ဆောင်ဦးမှာ မဟုတ်ပဲ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီထံ အငှားချဖို့ စီစဉ်ထားကြောင်းလည်း နာမည်ကြီး သတင်းဌာနတွေက ဆိုပါတယ်။