ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အတွက် စပါးအသင်းထံ ပဏာမ ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းမှာ ကာလရှည် ကစားခဲ့ပေမယ့် ဆုဖလားတလုံးမှ ရရှိခြင်း မရှိတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားသူပါ။

Photo Credit: Metro

ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးတာကြောင့် စပါးအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လီဗိုင်းကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကို ရောင်းချလိုခြင်း မရှိပဲ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း သူဟာ အသင်းကောင်းဖို့ အတွက် ဘာမဆို လုပ်သွားမယ် ဆိုပြီး ပြောကြား ထားပါတယ်။ စပါးအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ လီဗိုင်းဟာ ဟယ်ရီကိန်းကို အသင်းမှာ ဆက်ရှိနေအောင် ကြိုးစားနေပေမယ့် ဟယ်ရီကိန်းကတော့ စပါးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း ၊ မန်ချက်စတာ စီးတီးအသင်းနဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေပေမယ့် ဟယ်ရီကိန်းကတော့ မန်ချက်စတာ စီးတီးအသင်းဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဟယ်ရီကိန်းနဲ့ ပတ်သတ်ပြီး စပါးအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လီဗိုင်းထံ ပဏမာ ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကာ ကမ်းလှမ်းမှုကတော့ မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ပေးချေမယ့်အပြင် အသင်းရဲ့ ကစားသမား ၃ဦး ဖြစ်တဲ့ စတာလင်း ၊ ဂျီးဆပ်နဲ့ လာပေါ့တ်တို့ သုံးဦးကို ခေါ်ယူနိုင်ရန် ကြိုးစားခွင့်လည်း ပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ လီဗိုင်းက မန်ချက်စတာ စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို ပယ်ချခဲ့ပါတယ်။ စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်းဟာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း (သို့) ပေါင် ၁၀၀သန်း + ဂါဘရီရယ် ဂျီးဆပ်ကို လိုချင်နေကြောင်းနဲ့ မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့်ရက်ပိုင်း အတွင်းမှာ သူတို့ရဲ့ ကမ်းလှမ်းမှုကို မြှင့်တင်လာနိုင်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။