ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နောက်ခံကစားသမား အကန်ဂျီဟာ ငယ်စဉ်တုန်းက စီးတီးရဲ့ မြို့ခံပြိုင်ဘက် ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ပရိသတ်တစ်ဦး ဖြစ်ခဲ့ကြောင်း ဒါပေမယ့် ဘေဆယ်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်မှာပဲ အားပေးမှုကို ရပ်တန့်လိုက်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

Debut Manuel Akanji untuk Manchester City Tuai Pujian Josep Guardiola :  Okezone Bola

Photo Credit : Bola

မန်စီးတီးအသင်းရဲ့ ဒီနှစ် နွေရာသီ နောက်ဆုံးသော ခေါ်ယူမှုဖြစ်ခဲ့တဲ့ အကန်ဂျီဟာ ဆီဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာပဲ မန်စီးတီး ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ရသလို လာမယ့် အောက်တိုဘာလထဲမှာ ယူနိုက်တက်အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရမယ့် မန်ချက်စတာဒါဘီမှာလည်း သူငယ်ငယ်က အားပေးခဲ့ဖူးတဲ့ ယူနိုက်တက်ကို အနိုင်ယူသွားချင်ကြောင်း အကန်ဂျီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက်(၂၇)နှစ်အရွယ် ဆွစ်ဇာလန် နောက်ခံလူ အကန်ဂျီဟာ ယူနိုက်တက်ကို သူခပ်ငယ်ငယ်က အားပေးခဲ့ကြောင်း “ကျွန်တော် ဒေါ့မွန်ကို ၂၀၁၈ခုနှစ်တုန်းက ပြောင်းရွှေ့ခဲ့ပြီးနောက် အင်တာဗျူးလုပ်ခဲ့ရာမှာ ငယ်ငယ်တုန်းက မန်ချက်စတာယူနိုက်တက်ကို အားပေးခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်”

Manuel Akanji made his Manchester City debut against Sevilla last week

Photo Credit : The Sun

“ဒါပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ အဆင့်တစ်ခုကို ရောက်လာတဲ့အခါ ဒီလိုမျိုး ကိုယ်အားပေးခဲ့ဖူးတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကိုယ်က ပရိသတ်တစ်ဦး ဖြစ်မနေတော့ဘူး။ ပြီးတော့ ငယ်ငယ်က အားပေးခဲ့သလိုမျိုးလည်း ထပ်င်္ပြီး အားမပေးနိုင်တော့ဘူး။ နောက်တစ်ခုကတော့ နားလည်မှု လွဲမှားခဲ့တာပါ။ ကျွန်တော့်ရည်မှန်းချက်က ဘာလဲလို့ မေးခဲ့တုန်းက ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားရဖို့လို့ ပြန်ဖြေခဲ့တဲ့အပေါ် အဲ့ဒီအသင်းက မန်ချက်စတာယူနိုက်တက်ပဲလို့ ကောက်ချက်ချသွားခဲ့တယ်။ သူတို့အတွက် ကစားပေးချင်တယ်လို့ ထင်သွားကြတယ်။ ဒါပေမယ့် ဒီလိုသဘောမျိုး သက်ရောက်တဲ့ စကားကို ကျွန်တော် ဘယ်တော့မှ မပြောခဲ့ပါဘူး။ ကျွန်တော် ဘေဆယ်ကို ရောက်ရှိပြီး ချန်ပီယံလိဂ် ကစားရချိန်မှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ပြီးကတည်းက ဒီအသင်းအပေါ် ချစ်မြတ်နိုးစိတ်တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ကျွန်တော်ရဲ့ idol တွေကလည်း ပြိုင်ဘက်တွေ ဖြစ်သွားခဲ့ရတယ်။ အခု ကျွန်တော် မျှော်လင့်နေတဲ့ ပွဲစဉ်က မန်ချက်စတာဒါဘီပါပဲ။ ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ ယူနိုက်တက်ကို အနိုင်ယူရတာက တကယ့်ကို အံ့မခန်း ခံစားချက် ဖြစ်နေပါလိမ့်မယ်” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။