ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက လာမယ့်ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် လာမယ့် နွေဈေးကွက်မှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူချင်နေပြီး သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပီအက်စ်ဗွီရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဘာကာယိုကို ပါဝင်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လူအင်အား အတောင့်တင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့် သူတို့အသင်းမှာ ဒိုကူနဲ့ ဂရီးလစ်ရှ်တို့ နှစ်ဦးထဲကသာ တောင်ပံတိုက်စစ် ကစားသမား စစ်စစ်တွေ ဖြစ်ကြပြီး ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့က တောင်ပံတိုက်စစ် ကစားသမားတွေ မဟုတ်ကြပါဘူး။

Photo Credit: Team Talk

ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ နှစ်ဦးစလုံးက အလိမ်အခေါက် ကောင်းသလို ဖန်တီးနိုင်စွမ်း မြင့်မားကြပေမယ့် သူတို့တွေ အားသန်တဲ့ နေရာက ကွင်းလယ်တိုက်စစ် နေရာမှာ ဖြစ်ပြီး နှစ်ဦးစလုံးက ကွင်းလယ်တိုက်စစ် နေရာမှာ ကစားခွင့် ရတိုင်း ခြေစွမ်းကောင်းတွေ ပြသလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ စီးတီးနည်းပြချုပ် ပပ် ဂွာဒီယိုလာက လာမယ့် ရာသီသစ်မှာ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ကွင်းလယ်တိုက်စစ်မှာပဲ အဓိက အသုံးပြုဖို့ စဉ်းစားထားပြီး သူတို့နှစ်ဦးကို ကွင်းလယ်တိုက်စစ်ဆီ ပို့လိုက်ချိန်မှာ အားနည်းသွားမယ့် တောင်ပံတိုက်စစ် အတွက် အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် လူငယ်တောင်ပံတိုက်စစ် ကစားသမား ဘာကာယိုကိုက နဘ်သာလန် ထိပ်သီးကလပ် ပီအက်စ်ဗွီနဲ့အတူ အထူး ခြေစွမ်းပြနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၃ကြိမ် ရရှိထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သလို မန်ချက်စတာ စီးတီးနဲ့လည်း နီးစပ်တဲ့ သတင်းထောက် ပက်ထရစ် ဘာဂျာရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ဘာကာယိုကိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ပါဝင်နေပြီး ဘာကာယိုကိုရဲ့ တန်ကြေးဟာ ယူရို ၅၀သန်းနဲ့ ၆၀သန်းကြား ရှိကြောင်း သိရှိရပါတယ်။