မန်စီးတီးအသင်းရဲ့ ညာနောက်ခံကစားသမားဟောင်း မီကာရစ်ချက်ကတော့ သူရဲ့အသင်းဟောင်း မန်စီးတီးအနေနဲ့ အသင်းတိုက်စစ်မှာ ဆာဂျီယိုအဂူရိုနဲ့ ဂါဘရီရယ်ဂျေဆူးတို့ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရချိန် တိုက်စစ်မှာ အင်အားမလျော့သွားစေဖို့အတွက် အသင်းရဲ့အကယ်ဒမီထွက် တိုက်စစ်မှူးဟောင်းလည်းဖြစ် လတ်တလောမှာလည်း အသင်းလက်မဲ့ဖြစ်နေတဲ့ ဒင်နီရယ်စတာရစ်ချ်ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူသွားသင့်တယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Eurosport

အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးဟောင်း တိုက်စစ်ကစားသမား စတာရစ်ချ်ဟာ တူရကီကလပ် ထရက်ဇွန်စပေါအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်မှာ အသင်းလက်မဲ့ ဖြစ်နေရပြီး ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာလည်း သူ့ကို ခေါ်ယူခဲ့တဲ့ အသင်းတွေမရှိခဲ့လို့ အခုထိ အသင်းလက်မဲ့ ဆက်ဖြစ်နေရတာဖြစ်ပါတယ်။ ဒီလို အနေအထားရှိနေရတဲ့ စတာရစ်ချ်ကို လက်ရှိမှာ ဒဏ်ရာပြသာနာတွေကြောင့် တိုက်စစ်ပိုင်းက အားနည်းနေတဲ့ မန်စီးတီးအသင်းအနေနဲ့ ခေါ်ယူသွားသင့်တာဖြစ်ပြီး ဒါကို မန်စီးတီးဘက်ကလည်း မေ့လျော့နေတယ်လို့ ရစ်ချက်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ရစ်ချက်က “တကယ်လို့ စတာရစ်ချ်သာ ဘောလုံးပြန်ကစားဖြစ်ဦးမယ်ဆိုရင် နောက်ထပ်ပြည်ပက ကလပ်အသင်းတစ်သင်းပဲ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအနေနဲ့ သူ့လို ကစားသမားမျိုးကို ခေါ်ယူလို့ ရနေသေးတယ်ဆိုတာ မေ့လျော့နေကြတယ်။ ဒီအသင်းတွေထဲမှာ မန်စီးတီးလည်း အပါအဝင်ပဲလို့ သတ်မှတ်ရမှာပါ။ သူ့ကိုသာ ခေါ်ယူဖြစ်မယ်ဆိုရင် ဆာဂျီယိုအဂူရိုနဲ့ ဂါဘရီရယ်ဂျေဆူးတို့ တစ်ယောက်ယောက်များ ဒဏ်ရာရခဲ့မယ်ဆိုရင် သူတို့ရဲ့နေရာအတွက် အစားထိုးနိုင်မှာပါ။ တကယ်လို့ သူသာ အခုနေမှာ ကြံခိုင်မှုတစ်ဝက်လောက်ပဲ ရှိနေဦးတော့ သူ့ကို ခေါ်ယူမယ့်အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်မှာ သေချာတယ်။ ဒီအချိန်မှာကတော့ လူအများစုကတော့ သူဘယ်လောက်ကောင်းခဲ့သလဲဆိုတာကို မေ့လျော့နေကြပြီ။ ဒါပေမယ့် စတာရစ်ချ်က ဘယ်လိုကစားသမားလဲဆိုတာကို သိနေကြဦးမယ့်လူတွေလည်း ရှိနေမှာပါ။ သူအသင်းပြောင်းဦးမယ်ဆိုရင် သူဘယ်လောက်ထိ စွမ်းဆောင်နိုင်ဦးမလဲဆိုတာကို အားလုံးသိရှိရမှာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ စတာရစ်ချ်ဟာ မန်စီးတီးအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ချယ်လ်ဆီး ဝက်ဘရွန်း လီဗာပူးလ် ဘော်တန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးကာ လီဗာပူးလ်နဲ့ လမ်းခွဲပြီးနောက် တူရကီကလပ် ထရက်ဇွန်စပေါအသင်းကို ရောက်ရှိခဲ့ပါတယ်။