အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ စပိန် အင်အားကြီး ကလပ် ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်ထားတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် ဘာစီလိုနာ အသင်းဆီ တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်တော့မယ် လို့ သိရှိရပါတယ်။ မန်စီးတီးအသင်း ဟာ အသက်၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားတဲ့ အသင်း ဖြစ်ပြီး မက်ဆီကို သူတို့ရဲ့ အသင်းထံ ခေါ်ယူနိုင်ဖို့ အတွက် ဘာစီလိုနာ အသင်းရဲ့ သဘောထား တစ်ခုတည်းသာ လိုအပ်တော့ကာ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်းထံ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မှာပါ။

Photo Credit: Standard

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မန်စီးတီးအသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ ဘာစီလိုနာမြို့ကို ခရီးထွက်လာပြီ ဖြစ်ကာ မက်ဆီအတွက် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်တော့မယ် လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဘက် ကတော့ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် မက်ဆီကိုယ်တိုင် က ဘာစီလိုနာအသင်းမှာ ဆက်လက် ကစားဖို့ အတွက် ဆန္ဒမရှိတော့တာကြောင့် မက်ဆီကို မဖြစ်မနေ ရောင်းထုတ်သွားရဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာအသင်းဟာ မက်ဆီကို ပြောင်းရွှေ့ကြေး ယူရို၂၂၂သန်းနဲ့ အထက် ရမှသာ ရောင်းချသွားဖို့ စဉ်းစားထားကြောင်း သိရှိရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sport သတင်းဌာနရဲ့ အဆိုအရတော့ မန်စီးတီးအသင်း ဟာ ဘာစီလိုနာအသင်း တောင်းဆိုတဲ့ ငွေကြေး ပမာဏကို ပေးချေနိုင်ခြင်း မရှိပေမယ့် အဆိုပါ ငွေကြေး ပမာဏ ပြည့်မှီအောင် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း + ကစားသမား သုံးဦးကို အလိုက်ပေး ကမ်းလှမ်းမယ် လို့ သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မန်စီးတီးအသင်းဟာ မက်ဆီအတွက် အသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် ၊ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒိုဆေးလ်ဗားနဲ့ လူငယ် နောက်ခံလူ ဂါစီယာတို့နဲ့အတူ ပြောင်းရွှေ့ကြေး ယူရို၁၀၀သန်းကို ဘာစီလိုနာအသင်းထံ ပေးချေဖို့ စီစဉ်နေပြီး သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းက လက်ခံလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။ မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုဟာ စုစုပေါင်း တန်ကြေး ယူရို ၂၂၀ သန်း ဝန်းကျင် ရှိတာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားလိမ့်မယ်လို့လည်း စပိန်အခြေစိုက် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။