ဥရောပဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFA ကနေ ချမှတ်လို့ထားတဲ့ စည်းမျဉ်းတွေထဲကမှ ဘဏ္ဍာရေးစည်းမျဉ်းတွေဖြစ်တဲ့ (FFP Rules) တွေကို ချိုးဖောက်ခဲ့တဲ့ မန်စီးတီးအသင်းကို UEFA ကနေ ဒဏ်ကြေးရိုက်ခဲ့သလို လာမယ့်(၂)ရာသီဆက်တိုက် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် မန်စီးတီးဘက်ကနေ အဆိုပါ ပြစ်ဒဏ်အပေါ်ကို အယူခံဝင်ခဲ့ပြီး ဒီအယူခံရဲ့ရလဒ်က ထင်ထားတာတောင် ကြာမြင့်နေနိုင်ပြီး နောက်ထပ်(၂)လအကြာလောက်မှသာ သေသေချာချာ သိရှိရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : AS English

မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်လို့ထားတဲ့ FFP စည်းမျဉ်းတွေကို ချိုးဖောက်မိခဲ့တဲ့အတွက် UEFA ကနေ မန်စီးတီးကို ဒဏ်ကြေးအဖြစ် ငွေသား ပေါင်(၂၅)သန်းကို ဒဏ်ရိုက်ခဲ့တဲဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲဲကနေ (၂)ရာသီဆက်တိုက် ပွဲပယ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ဒီလိုကြီးလေးလွန်းလှတဲ့ ပြစ်ဒဏ်ကို လက်မခံနိုင်တဲ့ မန်စီးတီးအသင်းကတော့ CAS လို့ခေါ်တဲ့ နိုင်ငံတကာအားကစားခုံရုံး အယူခံတင်ထားခဲ့ပြီး ဒီလအတွင်းမှာပဲ အဆိုပါအယူခံရဲ့ ရလဒ်တွေကို သိရှိရတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

Photo Credit : AS English

ဒါပေမယ့် ကနဦးသတင်းတွေမှာ ဖော်ပြထားသလို ဇွန်လ(၈)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ မန်စီးတီးရဲ့ အယူခံရလဒ်ကို သိရှိရဦးမှာမဟုတ်ပဲ နောက်ထပ်(၂)လလောက်အကြာမှာ သိရှိရလိမ့်မယ်လို့ Mirror သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။ အယူခံအဖြေထွက်မယ့်ရက်ကို အတိအကျမသိရှိရသေးပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွေ မဲမခွဲခင်မှာ ပြုလုပ်ဖွယ်ရှိနေပြီး ဒီလိုမှသာ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေကနေ ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာကို ရယူထားနိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာလောက်တဲ့ အနေအထားဖြစ်နေပေမယ့် သူတို့ရဲ့ အယူခံသာကျရှံးခဲ့ရင်တော့ အမှတ်ပေးဇယားမှာ အဆင့်(၅)နေရာ ရောက်ရှိနေတဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးရဲ့ ခါးသီးမြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အဆင့်(၅)နေရာမှာ ရှိနေတာဖြစ်လို့ မန်စီးတီးရဲ့ အယူခံအဖြေက ယူနိုက်တက်အတွက်လည်း ရင်ခုန်စရာ ဖြစ်လာနိုင်ပါတယ်။