မနေ့ညက အယ်တီဟတ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးအတွက် အနိုင်ဂိုး(၂)ဂိုးလုံးကို တစ်ဦးတည်းသွင်းယူနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်က သူတို့ရဲ့ပြိုင်ဘက်အသင်းက အသင်းသားတွေဟာ တည်ငြိမ်မှုကင်းမဲ့နေခဲ့ပြီး သူတို့တွေကို ကြမ်းတမ်းစွာ စတင်ကစားလာခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ပီအက်စ်ဂျီအသင်းဟာ မာရက်ဇ်ရဲ့သွင်းဂိုးတွေနဲ့ ပြတ်သားစွာ ဦးဆောင်ခံရပြီးနောက်မှာ သူတို့ရဲ့ကစားပုံက ပိုပြီးကြမ်းတမ်းလာခဲ့တာကြောင့် အန်ဂယ်ဒီမာရီယာလည်း တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ကစားသမား(၄)ယောက်လည်း အဝါကတ်တွေကိုယ်စီ ပြသခံခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ နှစ်ဖက်အသင်းသားတွေ မကြာခဏဆိုသလို ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ရသလို နှစ်သင်းပေါင်း ပြစ်ဒဏ်ကျူးလွန်မှုကလည်း (၂၇)ကြိမ်အထိကို ရှိခဲ့ရပါတယ်။

Photo Credit : Twitter

ဒီပွဲမှာ အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူခဲ့တဲ့ မာရက်ဇ်က “ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းကို ကောင်းမွန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ရတယ်။ ဒီပွဲမှာလည်း ကျွန်တော်တို့တွေ ကောင်းကောင်းမစတင်နိုင်ခဲ့ပြန်ပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် သွင်းဂိုးတစ်ဂိုးတော့ သွင်းယူနိုင်ခဲ့တာမို့ ကျွန်တော်တို့ဘက်က ပိုပြီးသက်တောင့်သက်သာ ရှိသွားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ ပိုပြီးကောင်းအောင် ကစားလာနိုင်တယ်။ ဂိုးတွေတောင် ပိုပြီးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ရလာခဲ့တယ်။ သူတို့ကတော့ သူတို့ရဲ့ တည်ငြိမ်မှုတွေ လျော့နည်းလာပြီး ကျွန်တော်တို့ကိုပဲ ကန်ကြောက်မှုတွေ စတင်လုပ်ဆောင်လာကြတယ်။ သူတို့ဘက်က အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရတာကလည်း ကျွန်တော်တို့အတွက် ပိုပြီးတော့ကို သက်တောင့်သက်သာ ရှိသွားခဲ့ရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မာရက်ဇ်ဟာ ပီအက်စ်ဂျီအသင်းကို နှစ်ကျော့စလုံးမှာ သွင်းဂိုး(၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် အာဖရိက ဘောလုံးသမားတွေထဲကမှ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် နှစ်ကျော့စလုံးမှာ ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပထမမြောက် ကစားသမားကတော့ လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ဆီမီးဖိုင်နယ် နှစ်ကျော့စလုံး ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။