ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး မန်ချက်စတာမြို့ခံအသင်းတွေ ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံလိုက်တဲ့ ဘာစီလိုနာအသင်းရဲ့ ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အတွက် ရေပန်းအစားဆုံးအသင်းတွေ ဖြစ်နေတယ် လို့ သိရပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရယူထားနိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ကြာအောင် ကစားခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာ အသင်းရဲ့ အနာဂတ် စီမံကိန်းတွေ အပေါ် ယုံကြည်မှု မရှိတော့သလို ဘုတ်အဖွဲ့နဲ့ သူနဲ့ ကြားမှာလည်း ဆက်ဆံရေး အဆင်မပြေတော့တာကြောင့် အသင်းကနေ ထွက်ခွာခွင့် ရရှိဖို့ တရားဝင် တောင်းဆိုသွားတာပဲ ဖြစ်ပါတယ်။

Photo Credit: Express

မက်ဆီဟာ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ စာရေးသား ပေးပို့ကာ တောင်းဆိုခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ ကတော့ သူတို့အနေနဲ့ မက်ဆီကို အသင်းမှာသာ ဆက်လက် ရှိနေစေလိုကြောင်း မက်ဆီထံ ပြန်စာ ပေးပို့ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေ က ဆိုပါတယ်။ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် ဆရာဟောင်း ပပ်ဂွာဒီယိုလာ ရှိတဲ့ မန်စီးတီးအသင်းက ရေပန်းအစားဆုံး ဖြစ်နေပြီး ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မက်ဆီဟာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် ဂွာဒီယိုလာနဲ့ ဖုန်းခေါ်ယူမှုတွေ ပြုလုပ်ပြီးပြီ လို့လည်း သိရှိရပါတယ်။

Photo Credit: Express

မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် ဒုတိယမြောက် ရေပန်းစားနေတဲ့ အသင်းကတော့ မန်စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် အသင်း ဖြစ်တဲ့ မန်ယူအသင်း ဖြစ်ပြီး မန်ယူအသင်းဟာ မက်ဆီရဲ့ ဝန်ထမ်းတွေနဲ့ ပထမဦးဆုံး ချိတ်ဆက်လာတဲ့ အသင်းဖြစ်ကာ မက်ဆီသာ မန်စီးတီးအသင်းထံကို ပြောင်းရွှေ့ဖို့ အဆင်မပြေခဲ့ပါက မန်ယူအသင်းထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ အင်္ဂလန် သတင်းမီဒီိယာတွေက ဖော်ပြထားကြပါတယ်။ ဥရောပ အခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မက်ဆီကို ခေါ်ယူနိုင်ဖို့ တတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေတဲ့အသင်းဟာ ပီအက်စ်ဂျီအသင်း ဖြစ်ပြီး စတုတ္ထမြောက် ရေပန်းအစားဆုံး အသင်းကတော့ ဂျူဗင်တပ် အသင်းပဲ ဖြစ်ပါတယ်။ မက်ဆီကို ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြတယ် လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။