အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးနဲ့ လမ်းခွဲထားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ နွေရာသီ အပြောင်းအရွေ့စျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားသစ်တစ်ယောက်ကို ပြန်လည်ခေါ်ယူချင်နေပြီး အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဆင်မပြေနေတာကြောင့် လက်ရှိမှာတော့ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားခဲ့တဲ့ တိုက်စစ်မှူး ဒန်နီအင့်စ်ကို ခေါ်ယူဖို့ပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၂)ဂိုးအထိကို သွင်းယူထားပေးနိုင်ခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူနဲ့ အသင်းကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကတော့ လက်ရှိမှာ တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဆောက်သမ်တန်ဘက်ကနေ ဒန်နီအင့်စ်ကို ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းမှုကို ကစားသမားဘက်ကနေ ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Football Insider

ဆောက်သမ်တန်အသင်းအနေနဲ့ အခုလို စာချုပ်သက်တမ်းတိုးဖို့ ပယ်ချထားခဲ့တဲ့ ဒန်နီအင့်စ်ကို ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းချသွားဖို့ လိုအပ်နေတာဖြစ်ပြီး ဒီအတိုင်း အသင်းမှာ ဆက်လက်ထားရှိမယ်ဆိုရင်တော့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ၂၀၂၂ခုနှစ်မှာပဲ အင့်စ်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ပါ လက်လွတ်ရမှာဖြစ်ပါတယ်။ ဒီလို အနာဂတ် မရေရာမှုတွေ ဖြစ်လို့နေတဲ့ ဒန်နီအင့်စ်ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့ကြသလို ဟာရီကိန်းကို ခေါ်ယူသွားဖို့ ခက်ခဲလျက်ရှိနေတဲ့ မန်စီးတီးအသင်းကပါ ဒန်နီအင့်စ်လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူချင်လာခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကမှ လီဗာပူးလ်အသင်းကနေ ဆောက်သမ်တန်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဒန်နီအင့်စ်ဟာ ဆောက်သမ်တန်နဲ့ ဘောလုံးရာသီ (၃)ရာသီကို ဖြတ်သန်းခဲ့ပြီး (၃)ရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄၁)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခြေရှိတဲ့ ဒန်နီအင့်စ်ကို မန်စီးတီးအသင်းဘက်ကနေ ခေါ်ယူချင်နေတယ်ဆိုပေမယ့် မန်စီးတီးက ကိန်းကို မခေါ်နိုင်ရင် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဂရီးဇ်မန်းကိုသာ ဦးစားပေး ကမ်းလှမ်းဖွယ်သာ ရှိလို့နေပြီး ဂရီးဇ်မန်းကို မခေါ်ယူနိုင်မှသာ ဒန်နီအင့်စ်ကို ကမ်းလှမ်းလာနိုင်ပါတယ်။