အသင်းရဲ့ အဓိကတိုက်စစ်မှူးကြီးတစ်ဦးဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးကို ဘာစီလိုနာအသင်းဆီ လက်လွတ်လိုက်ရပြီးနောက်ပိုင်းကတည်းက သူ့နေရာမှာ အစားထိုးသွားဖို့အတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို ရှာဖွေနေလျက်ရှိတဲ့ မန်စီးတီးအသင်းဟာ လတ်တလောမှာတော့ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိလို့နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ Foot Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အဂွဲရိုးကို လက်လွတ်ထားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို အဓိကပစ်မှတ်ထားနေတာ ဖြစ်ပေမယ့်လည်း စပါးဘက်ကနေ သူတို့ကစားသမားအတွက် တန်ကြေးကို အလွန်မြင့်မားစွာ သတ်မှတ်ထားတာမို့ ကိုဗစ်ဂယက်ကြောင့် အသင်းစီးပွားရေး ထိခိုက်နေရချိန်မျိုးမှာ အာလင်းဟာလန်းနဲ့ ဟာရီကိန်းတို့လို တန်ကြေးမြင့်လွန်းတဲ့ ကစားသမားမျိုးကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားခဲ့ပါသေးတယ်။

Photo Credit : Barca Blaugranes

ဒါပေမယ့် လက်ရှိအချိန်မှာ ဂွာဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပြီး ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး လစာပိုင်း လျော့ချမှုတွေကိုပါ လုပ်ဆောင်ရတော့မယ့် ဘာစီလိုနာအသင်းက ဒီနွေစျေးကွက်အတွင်းမှာပဲ ဂရီးဇ်မန်းကို ရောင်းထုတ်သွားရဖွယ် ရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာလည်း သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီကိုလည်း စာချုပ်သက်တမ်းတိုးဖို့က အရေးတကြီး လိုအပ်နေတာကြောင့် ကစားသမား အများအပြားကို ရှင်းလင်းသွားဖို့ လိုအပ်လျက်ရှိနေပြီး ဒီကစားသမားတွေထဲမှာလည်း ဂရီးဇ်မန်းပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အသင်းနဲ့ လမ်းခွဲရဖို့ နီးစပ်လာခဲ့တဲ့ ဂရီးဇ်မန်းကို မန်စီးတီးအသင်းဘက်ကနေ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့ပြီး ဘာစီလိုနာအသင်းကလည်း သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်လောက်နဲ့ပင် ရောင်းချသွားနိုင်ဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်လောက်ကမှ အသက်လက်တီကိုကနေ ဘာစီလိုနာကို ရောက်ရှိလာခဲ့တဲ့ ဂရီးဇ်မန်းဟာ ဘာစီလိုနာမှာ (၂)ရာသီကြာ ဖြတ်သန်းခဲ့ပြီး လာလီဂါသွင်းဂိုး (၂၂)ဂိုးသာ သွင်းယူခဲ့သလို အသင်းနဲ့လည်း ကိုပါဒယ်ရေး ဆုဖလားတစ်ခုတည်းသာ ရယူနိုင်ခဲ့ရပါတယ်။