မန်ချက်စတာယူနိုက်တက်အသင်းဆီကို အလက်ဆစ်ဆန်းချက်ဇ် မပြောင်းရွှေ့လာခင် အာဆင်နယ်အသင်းမှာ ကစားနေစဉ်အတွင်းကတည်းက မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့ နွေစျေးကွက်အတွင်းမှာပဲ ဆန်းချက်ဇ်ဟာ မန်စီးတီးကစားသမားဖြစ်လာဖို့ အတော်လေးကို နီးစပ်ခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာပဲ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းကနေ မန်စီးတီးရဲ့မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းဆီကို အံ့အားသင့်စဖွယ် ရောက်ရှိလာခဲ့ပြီး အခုတော့ မန်စီးတီးအသင်းနဲ့ပါ သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Photo Credit : talkSPORT

အသက်(၃၁)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမားဆန်းချက်ဇ်ဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းအထိ ရရှိနေပေမယ့်လည်း လုံးဝကို ခြေစွမ်းမပြနိုင်ခဲ့လို့ အင်တာမီလန်အသင်းဆီကို အငှားချခံခဲ့ရကာ အင်တာမှာလည်း သူရဲ့ခြေစွမ်းတွေက သာမာန်အဆင့်လောက်မှာသာ ရှိနေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆန်းချက်ဇ်ဟာ နောက်ပိုင်းပွဲစဉ်တွေအတွင်းမှာ နေရာပြန်ရခဲ့သလို ဂိုးဖန်တီးမှုတွေကိုလည်း (၁၀)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့လို့ အင်တာမီလန်က သူ့ကိုအပြီးသတ် ခေါ်ယူချင်နေသလို မန်စီးတီးအသင်းကပါ ဆန်းချက်ဇ်ကို တဖန်ပြန်ပြီး စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : talkSPORT

မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာဟာ ဘာစီလိုုနာအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက အူးဒီးနီစ်ကနေ ဆန်းချက်ဇ်ကို ဘာစီလိုနာအသင်းဆီ ခေါ်ဆောင်ခဲ့ဖူးပြီး လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်ဟောင်းတွေ ဖြစ်ခဲ့ဖူးသလို ဂွာဒီယိုလာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတော့လည်း ဆန်းချက်ဇ်ဟာ ဂွာဒီယိုလာကို ပြိုင်ဘက်အဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။ ဆန်းချက်ဇ်က လက်ရှိမှာ သူ့ကစားသမားဘဝ အနိမ့်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် များပြားလှတဲ့ အတွေ့အကြုံတွေ အရင်တုန်းက အတူတကွ လက်တွဲထားခဲ့ဖူးတာတွေကြောင့် ဂွာဒီယိုလာက ဆန်းချက်ဇ်ကို မန်စီးတီးအသင်းဆီ ထပ်မံခေါ်ဆောင်ချင်နေတာဖြစ်ပြီး လတ်တလောမှာလည်း ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းကတော့ ဆန်းချက်ဇ်ကို အသင်းဆီ ပြန်လည်မခေါ်ဆောင်ချင်တော့ပဲ အသင်းကနေသာ အပြီးသတ်ရောင်းထုတ်ချင်နေတာဖြစ်ပြီး ပေါင်သန်း(၂၀)လောက်နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် လက်လွတ်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာ ဆန်းချက်ဇ်ကို အငှားနဲ့ခေါ်ယူထားခဲ့တဲ့ အင်တာမီလန်အသင်းကတော့ ဒီနောက်ပိုင်း ဆန်းချက်ဇ်ရဲ့လုပ်အားနှုန်းတွေ တိုးတတ်ကောင်းမွန်လာမှုကြောင့် အပြီးသတ်ခေါ်ယူချင်နေပြီး မန်စီးတီးနဲ့ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။