စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက နောက်ခံလူ ဗာရိန်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဟာ သူ့ရဲ့ အပြစ်တွေကြောင့်ပါ လို့ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့ကြတဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်း ကို အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၂ ဆိုတဲ့ ရလဒ်တစ်ခုနဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ကာ ကွာတားဖိုင်နယ် အဆင့်မှာတော့ ဂျူဗင်တပ်အသင်းကို အနိုင်ယူခဲ့တဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အိမ်ကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားတာကြောင့် အီတီဟတ်ကွင်းထဲမှာ ကစားရတဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပြီး အနိုင်ရလဒ်ကို ရရှိဖို့ အတွက် ပွဲစတင်ကတည်းက တိုက်စစ်မြှင့် ကစားခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ဗာရိန်းရဲ့ ခြေစွမ်းဟာ အတော်လေး ဆိုးရွားခဲ့ပြီး မန်စီးတီးအသင်း ရရှိခဲ့တဲ့ သွင်းဂိုး နှစ်ဂိုးစလုံးဟာ သူ့ရဲ့ အမှားကနေ ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ပထမ ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၉မိနစ်မှာ ဂိုးဧရိယာ အတွင်း တုံ့ဆိုင်းနေတဲ့ ဗာရိန်းဆီကနေ ဂျီးဆပ် က ဘောလုံး လုယူသွားခဲ့ပြီး ထိုးပေးရာကနေ စတာလင်းက သွင်းယူ ပေးခဲ့ပါတယ်။

Photo Credit: Standard

အဲ့ဒီနောက်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်း က ပိုမိုပြီး တိုက်စစ်ဆင် ကစားခဲ့ကြကာ ပွဲကစားချိန် ၂၈မိနစ်မှာတော့ ရိုဒရီဂိုရဲ့ ဖြတ်တင် ပေးပို့မှုကနေ ဘန်ဇီမာက ခေါင်းတိုက်ကာ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုး ရရှိအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားပုံဟာ ပိုကောင်းလာခဲ့သလို မန်စီးတီးအသင်းရဲ့ တန်ပြန် တိုက်စစ်တွေဟာလည်း ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲကို အဆုံးအဖြတ် ဖြစ်သွားစေတဲ့ အခိုက်အတန့် ကတော့ ပွဲချိန် ၆၈မိနစ်မှာ ဖြစ်ပေါ်ခဲ့ပြီး ဗာရိန်းရဲ့ ကော်တိုရစ်ဆီ ခေါင်းတိုက်ကာ ဘောလုံးပြန်ချပေးမှု မသပ်ရပ်တာကနေ တဆင့် မန်စီးတီး တိုက်စစ်မှူး ဂျီးဆပ်က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ ဗာရိန်းက ဒီရှုံးပွဲဟာ သူတစ်ဦးတည်းနဲ့သာ သက်ဆိုင်တဲ့ ရှုံးပွဲဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဗာရိန်းက ” ဒီရှုံးပွဲဟာ ကျွန်တော့်ကြောင့်ပါ။ ကျွန်တော် ဒါကို လက်ခံပါတယ်။ ကျွန်တော်က ဒီရှုံးပွဲအတွက် တာဝန်ရှိပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး ပြင်ဆင်ခဲ့ပေမယ့် အမှားတွေ ကျူးလွန်မိရင်တော့ အမှားတွေအတွက် ပြန်ပြီး ပေးဆပ်ရတတ်ပါတယ်။ ကျွန်တော့်ရဲ့ အသင်းဖော်တွေ အတွက် ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူး။ ၁-၁ ရလဒ် ထွက်ပေါ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ ဒီအဆင့်ကနေ တက်သွားဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အတွက် အစီအစဉ်က အလုပ်မဖြစ်ခဲ့ပါဘူး ” လို့ ဆိုသွားခဲ့တာပါ။