မန်စီးတီးအသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ လူအင်အားကို တိုးမြှင့်နိုင်ဖို့အတွက် အေစီမီလန်အသင်းရဲ့ အယ်ဂျီးရီးယား ကွင်းလယ်ကစားသမား အစ္စမေးလ်ဘန်နာဆာကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက်ရှိလို့နေပြီး မီလန်ဘက်ကနေ ချုပ်ဆိုထားတဲ့ ကစားသမားရဲ့ စာချုပ်လျော်ကြေးတန်ဖိုးဖြစ်တဲ့ ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ အီတလီသတင်းမီဒီယာ Calcio Mercato ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၂)နှစ်အရွှယ်ရှိ အယ်ဂျီးရီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ဘန်နာဆာဟာ ၂၀၁၉ခုနှစ်ကမှ အမ်ပိုလီကနေ မီလန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းကလည်း အာဆင်နယ်လူငယ်အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဘန်နာဆာဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း မီလန်အတွက် ပွဲတိုင်းနီးပါး ပါဝင်ကစားထားခဲ့ရသူဖြစ်ပြီး ပြိုင်ပွဲစုံပွဲပေါင်း (၁၃)ပွဲအထိ ပါဝင်ထားခဲ့ကာ (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အသင်းအတွက် အရေးပါတဲ့နေရာကနေ ပါဝင်ကစားပေးနေတဲ့ ဒီကွင်းလယ်ကစားသမားကို ဥရောပကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ မန်စီးတီးပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Calcio Mercato

ကွင်းလယ်ခံစစ်ပိုင်းမှာ အဓိက ပါဝင်ကစားတတ်သူဖြစ်တဲ့ ဘန်နာဆာကို ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီတို့အပြင် မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကပါ အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်ကြဖွယ် ရှိနေပါတယ်။ ဘန်နာဆာကတော့ မီလန်အသင်းကတော့ မီလန်အသင်းနဲ့ လာမယ့် ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပြီး မီလန်ကလည်း သူတို့ရဲ့ အဓိက ကစားသမားအတွက် စာချုပ်လျော်ကြေးကို ယူရိုသန်း(၅၀)အထိ ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းဘက်ကနေ ဒီစာချုပ်လျော်ကြေးအတိုင်း ပေးချေပြီး ဘန်နာဆာကို ခေါ်ယူသွားဖို့ ကြိုးပမ်းလာဖွယ်ရှိနေသလို အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုရဲ့နေရာမှာ အစားထိုးသွားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းမှာက ဘန်နာဆာရဲ့ လက်ရွေးစင်အသင်းဖော် မာရက်ဇ်လည်း ရှိနေတဲ့အတွက် အပြောင်းအရွှေ့ဖြစ်လာဖို့က ဖြစ်နိုင်ချေများနေသလို ကမ္ဘာကျော်နည်းပြကြီး ပတ်ဂွာဒီယိုလာရဲ့လက်အောက်မှာပါ လာရောက်ကစားရမှာဖြစ်လို့ ဘန်နာဆာကိုယ်တိုင် ဒီအပြောင်းအရွှေ့ကို အသေအချာစဉ်းစားဖွယ် ရှိနိုင်ပါတယ်။