မန်ချက်စတာအခြေစိုက် ထိပ်တန်းပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကတော့ အခုလက်ရှိမှာ ဝါရင့်ဂိုးသမားကြီး(၂)ယောက်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေကြပြီး မန်စီးတီးအသင်းက ယူနိုက်တက်ရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ဝက်ဖိုဒ့်အသင်းမှာ ပါဝင်ကစားနေတဲ့ ဘင်ဖော်စတာကို ပစ်မှတ်ထားနေသလို ယူနိုက်တက်ကတော့ အက်စတွန်ဗီလာအသင်းရဲ့ ဂိုးသမားကြီး တွမ်ဟီတန်ကို ခေါ်ယူချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ အသက်(၃၈)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂိုးသမားကြီး ဖော်စတာကို ပစ်မှတ်ထားလို့နေပြီး အသင်းရဲ့ပင်တိုင်ဂိုးသမား အီဒါဆန်ရဲ့အရန်ဂိုးသမားအဖြစ် အသုံးပြုသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ အမေရိကန်ဂိုးသမား ဇက်စတက်ဖန်လည်း ရှိနေပေမယ့် ဒီဂိုးသမားရဲ့ အတွေ့အကြုံပိုင်း အားနည်းမှုတွေကြောင့် အခုလို ဖော်စတာကို ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးသမားဟောင်း ဖော်စတာကတော့ လက်ရှိမှာ ဝက်ဖိုဒ့်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန် တန်းတတ်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : The Telegraph

မန်စီးတီးအသင်းလိုပဲ မန်ချက်စတာအခြေစိုက် နောက်တစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း ဝါရင့်ဂိုးသမားတစ်ဦးဖြစ်တဲ့ တွမ်ဟီတန်ကို အံ့အားသင့်ဖွယ်ရာ ပစ်မှတ်ထားလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်စျေးကွက်အတွင်းမှာ ဒေးဗစ်ဒီဂီယာအပါအဝင် ရိုမဲရိုးနဲ့ လီဂရန့်တို့လို ဂိုးသမားတွေကိုပါ အသင်းကနေ ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိနေတာကြောင့် ဂိုးသမားသစ်တစ်ဦး ပြန်လည်ခေါ်ယူချင်တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆမ်ဂျွန်ဆင်ကို ဝက်စ်ဘရွန်းအသင်းကနေ ပြန်လည်ခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပေမယ့် အဆင်မပြေခဲ့ရင်တော့ ဗီလာဂိုးသမားကြီး ဟီတန်ကိုသာ ခေါ်ယူသွားဖွယ် ရှိနေတာဖြစ်ပါတယ်။ ဟီတန်ဟာ ဗီလာအသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးလို့နေပြီး အမ်မီမာတီနက်ဇ်ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်နဲ့သာ ပါဝင်နေရသူဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ရှိနေပြီး ယူနိုက်တက်ဘက်ကနေသာ တကယ်ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဟီတန်လည်း လက်ခံလာဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေဖြစ်လို့နေတဲ့ အီတလီဂိုးသမားလေး ဒွန်နာရမ်မာရဲ့ အခြေအနေကိုလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။