ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ အာဂျင်တီးနား ဝါရင့်တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို အဓိကပစ်မှတ်ထားနေပေမယ့်လည်း ဟာရီကိန်းကိုသာ မခေါ်ယူနိုင်ခဲ့ရင်တော့ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်ထရန်းဂရီးဇ်မန်းကို ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

မန်စီးတီးအသင်းဟာ အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပေမယ့်လည်း စပါးအသင်းဘက်က ဟာရီကိန်းကို လုံးဝရောင်းမထုတ်ချင်နေသလို စပါးဥက္ကဌ လီဗီးဟာလည်း သူ့ဆီက ကစားသမားကို ကမ်းလှမ်းလာတိုင်း ခက်ခက်ခဲခဲ ညှိနှိုင်းရတတ်သူလည်း ဖြစ်နေတာကြောင့် ဟာရီကိန်းကိုသာ မခေါ်ယူနိုင်ခဲ့ရင် ဘာစီလိုနာအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား ဂရီးဇ်မန်းကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာ သဘောကျရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်လက်တီကိုအသင်းကနေ ဘာစီလိုနာကို မရောက်ခင်ကလည်း ဂရီးဇ်မန်းကို မန်စီးတီးအသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းအတွက် မန်ဖစ်ဒီပိုင်းရော အဂွဲရိုးပါ ခေါ်ယူထားခဲ့တဲ့အပြင် အသင်းမှာကလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် နွေစျေးကွက်အတွင်း ကစားသမားရောင်းချရဖို့ လိုအပ်နေတာဖြစ်လို့ ဂရီးဇ်မန်းအပါအဝင် ကစားသမား အများအပြားကို ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။ ဂရီးဇ်မန်းကိုယ်တိုင်ကလည်း လာမယ့်ဘောလုံးရာသီ အသင်းမှာ နေရာပျောက်ရဖွယ် ရှိနေတာကြောင့် အသင်းကနေ ထွက်ခွာချင်နေပြီး မန်စီးတီးအသင်းဘက်ကနေသာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့မယ်ဆိုရင် လက်ခံဖွယ် ရှိလာနိုင်ပါတယ်။ ပြင်သစ်ကြယ်ပွင့် ကစားသမား ဂရီးဇ်မန်းရဲ့ လက်ရှိတန်ကြေးကတော့ ယူရိုသန်း(၆၀)ဝန်းကျင်ခန့် ရှိလို့နေပြီး ဘာစီလိုနာနဲ့ မန်စီးတီးတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့လည်း ဖြစ်မြောက်လာနိုင်ဖွယ် ရှိနေပါတယ်။