စပါးအသင်းကတော့ ဆောက်သမ်တန်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ဟူဘယက်ကြောင့် အသင်းမှာ ပုံမှန်ကစားခွင့်တွေ နည်းပါးလာဖို့ရှိနေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီး ဟယ်ရီဝင့်ကိုလည်း မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက စိတ်ဝင်စားနေကာ တကယ်လို့ မန်စီးတီးဘက်ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)လောက်နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် စပါးဘက်ကနေ ဝင့်စ်ကိုရောင်းထုတ်သွားဖွယ်ရှိတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal.com

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်ဟာ စပါးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး နည်းပြဟောင်းပိုချက်တီနိုလက်ထက် ၂၀၁၄ခုနှစ်မှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပါတယ်။ ဟယ်ရီဝင့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စပါးအသင်းအတွက် ပွဲအရေအတွက်များစွာ ကစားခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာ အသင်းကို ကွင်းလယ်ကစားသမားသစ် ဟူဘယက်ရောက်လာပြီဖြစ်တာကြောင့် နေရာပျောက်ဖွယ်ရှိနေတဲ့ ဝင့်စ်ကို အသင်းဘက်ကနေ ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။

Photo Credit : Football.London

ဟယ်ရီဝင့်စ်ဟာ အင်္ဂလန်ကစားသမားဆိုပေမယ့် စပိန်ကွင်းလယ်ကစားသမားတွေရဲ့ကစားဟန်နဲ့ ဆင်တူလွန်းတဲ့ ကစားသမားဖြစ်သလို ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာလည်း ထူးချွန်သူဖြစ်လို့ မော်ရင်ဟိုလက်အောက်မှာ ပါဝင်ကစားတာထက် ဂွာဒီယိုလာလို စပိန်လူမျိုးနည်းပြအောက်မှာ ပါဝင်ကစားသင့်တဲ့သူလို့ သတ်မှတ်ခံထားရသလို ဂွာဒီယိုလာကိုယ်တိုင်ကလည်း ဟယ်ရီဝင့်စ်ကို သဘောကျနေတာကြောင့် ကွင်းလယ်ပိုင်းမှာ ကစားသမားသစ်မလိုအပ်ပေမယ့် ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်တယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။ တကယ်လို့ မန်စီးတီးဘက်ကနေ မခေါ်ယူဖြစ်ခဲ့ဘူးဆိုရင်လည်း ဟယ်ရီဝင့်စ်ကို တခြားပရီးမီးယားလိဂ်အသင်းတွေအပြင် စပိန်လာလီဂါနဲ့ အီတလီစီးရီးအေအသင်းတွေကနေ ကမ်းလှမ်းလာနိုင်ပြီး စပါးဘက်ကနေ ပေါင်သန်း(၄၀)လောက် ရရှိမယ်ဆိုရင်တော့ ရောင်းထုတ်သွားမှာဖြစ်သလို မော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်လို့နေတဲ့ နောက်ထပ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကိုလည်း ဒီနှစ်နွေစျေးကွက်ထဲမှာပဲ ပြန်လည်ရောင်းချဖွယ်ရှိနေပါတယ်။