မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ငြင်းဆန်ထားခဲ့ပြီး အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ ဂျာမန်တောင်ပံကစားသမားလေး လီရွိုင်းဆာနေးသာ အသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူရဲ့နေရာအတွက် ကစားသမားသစ်တစ်ဦးကို ငွေကုန်ကြေးကျများစွာခံကာ ခေါ်ယူသွားဖို့ မလိုအပ်ပဲ အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့သာ အစားထိုးသွားမှာဖြစ်ကြောင်းနဲ့ ဒီကစားသမားထဲမှာ လူငယ်ကစားသမားလေး ဖေးလ်ဖိုဒန်ပါ ပါဝင်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တောင်ပံကစားသမားဆာနေးဟာ လာမယ့်နှစ်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းတော့မှာဖြစ်လို့ မန်စီးတီးအသင်းဘက်ကနေ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းပေမယ့် ဆာနေးဘက်က ပယ်ချခဲ့ကြောင်း ဂွာဒီယိုလာကိုယ်တိုင် အတည်ပြုပြောဆိုလာခဲ့ပါတယ်။ ဆာနေးဟာ မန်စီးတီး သက်တမ်းမတိုးလိုတော့ပဲ သူရဲ့အမိမြေ ဂျာမနီကိုပြန်ကာ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတဲ့အတွက် မန်စီးတီးအသင်းအနေနဲ့ကလည်း အပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ ဆာနေးကို ဘိုင်ယန်အသင်းဆီ ရောင်းချဖွယ်ရှိနေပါတယ်။

Photo Credit : ClubCall

ဒါပေမယ့် တကယ်လို့သာ ဆာနေးက အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင်တောင် သူရဲ့နေရာအတွက် ကစားသမားတစ်ယောက်ကို ပြောင်းရွှေ့ကြေးများစွာ သုံးစွဲပြီးတော့ အစားထိုးခေါ်ယူသွားမှာမဟုတ်ပဲ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ရာဟင်စတာလင်း ၊ မာရက်ဇ် ၊ ဘာနာဒိုဆေးဗား ၊ ဂျေဆူးတို့အပြင် အသင်းရဲ့လူငယ်ကစားသမားလေးဖိုဒန်တို့နဲ့ပါ အစားထိုးနိုင်တယ်လို့ ဂွာဒီယိုလာက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဂွာဒီယိုလာက “ပထမဆုံး ပြောချင်တာကတော့ လီရွိုင်းက ကျွန်တော်တို့ရဲ့ ကစားသမားပါ။ ဒါပေမယ့် သူဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာမလား ဒါမှမဟုတ် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲမလားဆိုတာကတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်တို့ဆီမှာတော့ တကယ့်ကို ကစားသမားကောင်းတွေ ရှိနေပါသေးတယ်။ ဂါဘရီရယ်လည်း ဘယ်ခြမ်းမှာ ကစားနိုင်တယ်။ ဖိုဒန်လေးလည်း ဘယ်မှာကစားနိုင်တာပဲ။ နောက်ပြီး ရာဟင်လည်း ရှိသေးတယ်။ သူတို့က အသင်းမှာ နှစ်ရှည်နီးပါး ပါဝင်ကစားနိုင်မယ့်သူတွေဖြစ်ပြီးတော့ ဒဏ်ရာပြသာနာတွေ ကင်းစင်နေရင် အသင်းအတွက် အရမ်းအကျိုးပြုနိုင်မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာလည်း ဆာနေးကို ဒဏ်ရာပြသာနာကြောင့် တစ်ရာသီလုံးနီးပါးကို သုံးစွဲခဲ့ရခြင်းမရှိခဲ့ရတာကြောင့် ဆာနေးထွက်သွားရင်လည်း မန်စီးတီးဘက်မှာ သိပ်အားလျှော့စရာတော့ ရှိလာဖွယ်မမြင်ပါဘူး။