MySport Myanmar

ဟော်လန်းက ဂွာဒီယိုလာရဲ့ ပုံစံနဲ့ လိုက်လျောညီထွေဖို့ အချိန်ယူဖို့ လိုအပ်တယ်လို့ အဂွဲရိုး အသိပေး

မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားသစ်ဖြစ်သူ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟော်လန်းက အသင်းနည်းပြ ပတ်ဂွာဒီယိုလာရဲ့ ပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်လာဖို့အတွက် အချိန်ယူဖို့ လိုအပ်လိမ့်မယ်လို့ မန်စီးတီးအသင်း legend player ကြီး ဆာဂျီယိုအဂွဲရိုးက အသိပေး ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

နွေဈေးကွက်အတွင်းကမှ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ထိပ်တန်း တိုက်စစ်ကစားသမား ဟော်လန်းဟာ အခုဆိုရင် မန်စီးတီးနဲ့အတူ အမေရိကန်ခရီးစဉ်ကို လိုက်ပါနေပြီး အသင်းဖော်တွေနဲ့လည်း လေ့ကျင့်ခန်းတွေ အတူဆင်းနေပါတယ်။ ဟော်လန်းဟာ အသက်ငယ်ရွယ်သေးပေမယ့် ဆာလ်ဇ်ဘာ့ဂ်မှာရော ဒေါ့မွန်အသင်းမှာပါ သူရဲ့ သွင်းဂိုးစွမ်းရည်ကောင်းတွေ ပြသထားနိုင်တာဖြစ်လို့ မန်စီးတီး ပရိသတ်တွေက ဟော်လန်းအပေါ်မှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားရှိနေကြပေမယ့် ဟော်လန်းက သူ မန်စီးတီးကို ရောက်ခါစလိုပဲ နည်းပြဂွာဒီယိုလာရဲ့ ပုံစံနဲ့ အံ့ဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ အဂွဲရိုးက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဟော်လန်းနဲ့ ပတ်သက်ပြီး အဂွဲရိုးက “သူ့လို ထိပ်တန်း ကစားသမားတစ်ယောက်က ပတ်ရဲ့ကစားပုံနဲ့ ပတ်အသင်းမှာ ဘယ်လို သဃဇာတဖြစ်အောင် လုပ်ဆောင်ရမလဲဆိုတာ သိပါလိမ့်မယ်။ ဒါက အချိန်အတိုင်းအတာ တစ်ခုလောက်တော့ ကြာမြှင့်နိုင်ပေမယ့် သူ ဒါကို ပြင်ဆင်နိုင်ပြီးဆိုတာနဲ့ အရာအားလုံးက ပိုမို ရိုးရှင်းသွားပါလိမ့်မယ်။ သူ့မှာ အသင်းဘက်ကနေ တောင်းဆိုလာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူရဲ့ သွင်းဂိုးစွမ်းရည်ကိုလည်း သက်သေပြထားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဂျာမန်လိဂ်နဲ့ ဥရောပမှာ လုပ်ဆောင်ပြသနိုင်ခဲ့တဲ့ သူရဲ့ မှတ်တမ်းတွေက ဒါကို အတည်ပြုပေးနေပါတယ်။ ပြိုင်ဆိုင်မှုတွေ အားကောင်းလွန်းတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲတစ်ခုနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်ကာလတစ်ခုလောက် လိုအပ်မှာ ဖြစ်တယ်ဆိုပေမယ့်လည်း သူရဲ့ ပင်ကိုယ်အရည်အသွေးတွေနဲ့ ဖြတ်သန်းသွားမှာဖြစ်လို့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်လာပါလိမ့်မယ်” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ နောက်ထပ် မန်စီးတီး ကစားသမားဟောင်းဖြစ်သူ ဇာဘလက်တာကတော့ ဟော်လန်းအကြောင်းထက် ဟော်လန်းရဲ့ တွဲဖက်ကစားသမား ဖြစ်လာတော့မယ့် ယူလီယန်အဲလ်ဗာရက်ဇ်အကြောင်းကိုသာ ပြောဆိုသွားခဲ့ပြီး အဲလ်ဗာရက်ဇ်က ဘယ်ညာနှစ်ဖက်လုံးနဲ့ အဆုံးသတ် သွင်းဂိုးတွေ သွင်းယူနိုင်တတ်သော ပြီးပြည့်စုံတဲ့ တိုက်စစ်ကစားသမားဖြစ်တာကြောင့် သူ့ကို ခေါ်ယူနိုင်ခဲ့တာက မန်စီးတီးအတွက် အလွန်အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်တယ်လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version