မကြာခင်မှာပဲ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်စပိန်ကွင်းလယ်ကစားသမားကြီး ဒေးဗစ်ဆေးဗားဟာ မေဂျာလိဂ် ဒါမှမဟုတ် အရှေ့အလယ်ပိုင်းက ကလပ်အသင်းတွေဆီမှာ သွားရောက်ကစားဖွယ် ရှိနေတယ်လို့ ထင်ရပေမယ့်လည်း လတ်တလောမှာတော့ စီးရီးအေထိပ်သီးကလပ် လာဇီယိုအသင်းမှာ သွားရောက်ကစားဖို့ ပိုမိုနီးစပ်လို့နေပြီး ဆေးဗားရဲ့အေးဂျင့်နဲ့ လာဇီယိုအသင်းတို့ကြား ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ကစားသမားကြီး ဒေးဗစ်ဆေးဗားဟာ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ကစားခဲ့ဖူးပြီး အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ကာ အသင်းနဲ့ ပွဲပေါင်းသုံးရာကျော် ပါဝင်ကစားထားခဲ့ကာ ပရီးမီးယားလိဂ်ဖလား(၄)လုံး အက်အေဖလား(၂)လုံးနဲ့ လိဂ်ဖလား(၅)လုံးအထိ ပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက်အရွှယ်အရ အကျဘက်ကို ရောက်နေပြီဖြစ်ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်နေသေးတဲ့ ဆေးဗားကို ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်တစားရှိနေကြပြီး ဒီအသင်းတွေထဲမှာ လာဇီယိုလည်း ပါဝင်လို့နေပါတယ်။

Photo Credit : Football365

ဆေးဗားကို ကာတာထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ အယ်အာလီနဲ့ အယ်နာဆာအသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြသလို ဆေးဗားအတွက်ကိုလည်း တစ်ပတ်လုပ်ခကို မက်လောက်စရာကောင်းတဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းဖွယ်ရှိနေပေမယ့်လည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရတော့မယ့် လာဇီယိုအသင်းကလည်း ဆေးဗားလို အတွေ့အကြုံရင့် သမ္ဘာရင့်ကစားသမားတစ်ယောက်ကို လိုအပ်လို့နေပြီး အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ကွင်းလယ်လူ မီလန်ကိုဗစ်ဆာဗစ်ရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ လာဇီယိုအသင်းဟာ တနင်းလာနေ့ကတည်းက ဆေးဗားရဲ့အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေကို လုပ်ဆောင်လို့နေပြီး အသင်းဆီ ခေါ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဆေးဗားကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဗလင်စီယာအသင်းအပြင် ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ မေဂျာလိဂ်ကလပ်အသင်း အင်တာမိုင်ယာမီတို့ကနေလည်း ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလျက်ရှိနေပါတယ်။