FFP စည်းမျဉ်းတွေကို ချိုးဖောက်ဖြစ်ခဲ့လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA နဲဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲတွေလို ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် (၂)ရာသီပိတ်ပင်မှုနဲ့ အမိန့်ချခံခဲ့ရတဲ့ မန်စီးတီးအသင်းဟာ အခုလို အပြစ်ပေးခံခဲ့ရတဲ့အပေါ်မှာ စိတ်ပျက်လို့နေပြီး လက်ခံနိုင်ခြင်းမရှိတာကြောင့် ဒီနေ့မှာပဲ နိုင်ငံတကာအားကစားခုံရုံး (CAS) ဆီကို အယူခံတင်သွင်းလိုက်ပြီဖြစ်ကြောင်း CAS က တရားဝင် ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

မန်စီးတီးအသင်းဟာ UEFA ကနေ ချမှတ်ထားတဲ့ အသင်းရဲ့ဝင်ငွေထွက်ငွေ ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီကနေစတင်ကာ (၂)ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားခွင့်ကနေ ပိတ်ပင်ခံလိုက်ရပြီး ဒီအမှုကနေ လွတ်မြောက်စေနိုင်ဖို့ CAS ဆီ အခုလို အယူခံတင်သွင်းခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ ဒုတိယနေရာကို ပိုင်ဆိုင်နေတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ထားပေမယ့် အခုလို အမိန့်ချမှုနဲ့ မမျှော်လင့်ပဲ ရင်ဆိုင်လိုက်ရတာကြောင့် လာမယ့်နှစ်တွေမှာ မန်စီးတီးကို ဥရောပပွဲတွေကနေ မြင်တွေ့ရဖို့ အခွင့်အရေးနည်းပါးလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : AS English

မန်စီးတီးအသင်းဘက်ကနေ အခုလို CAS ဆီကို အယူခံတင်သွင်းခဲဲ့တယ်ဆိုပေမယ့် ဒီအယူခံရဲ့ ရလဒ်ကို ဘယ်အချိန်လောက်မှာ ထုတ်ပြန်ကြေညာမလဲဆိုတာ သေချာမသိရှိသေးတာကြောင့် တကယ်လို့များ လာမယ့်ဘောလုံးရာသီ စတင်ချိန်အထိ ကြာမြင့်နေမယ်ဆိုရင်တော့ မန်စီးတီးအနေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ကစားခွင့်ကို သေချာပေါက်လွဲချော်ရမှာပါ။ CAS အနေနဲ့ကလည်း ဒီလိုကိစ္စရပ်မျိုးကို အချိန်ယူပြီးသာ ဖြေရှင်းပေးလေ့ရှိတာကြောင့် မန်စီးတီးရဲ့ ချန်ပီယံလိဂ်ကစားခွင့်က မှေးမှိန်နေလျက်ရှိသလို ဒီလို ဘဏ္ဍာရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ မန်စီးတီးအသင်းကို ပြည်တွင်းပြိုင်ပွဲအတွင်းမှာ အပြစ်ပေးဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ဆီကို ပရီးမီးယားလိဂ်အသင်းတချို့ကနေ တောင်းဆိုထားခဲ့ပြီး FA ကလည်း ဒီကိစ္စကို သေချာလေ့လာနေပြီဖြစ်လို့ မန်စီးတီးအနေနဲ့ ပြည်တွင်းမှာပါ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်ကာ အမှတ်ပေးဆုဖလားတချို့ကိုပါ ပြန်လည်ရုပ်သိမ်းခံရနိုင်ပါတယ်။